နေပြည်တော် နိုဝင်ဘာ ၂၈
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့် အဆင့်မြင့်ပညာတက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း အားကစားနည်းလေးမျိုးဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ယှဉ်ပြိုင် သွားကြမည်ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစား ပြိုင်ပွဲကို ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ် အားကစားနည်း ငါးမျိုးဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး အားလုံးပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အားကစားပြိုင်ပွဲ ကျင်းပရေး၊ တည်းခိုရေး၊ စားသောက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တာဝန်ရှိသူများ က အားကစားပြိုင်ပွဲများ ကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဖြည့်စွက်ဆွေးနွေးကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
