Skip to main content

ဇမ္ဗူသီရိမြို့နယ်၌ ပထမနေ့အဖြစ် မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၂၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြန်မာအီလက်ထရောနစ် မဲပေးစက် ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်း တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဇမ္ဗူသီရိမြို့နယ်အတွင်း ပထမနေ့အဖြစ် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်များ၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ သပြေကုန်းရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ပညာသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက်နှင့် အလျင်လိုကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိနှင့် တာဝန်ရှိ သူများက မြန်မာအီလက်ထရောနစ် မဲပေးစက်တည်ဆောက်ပုံ၊ စက်နှင့် စပ်လျဉ်းသည့် အချက်အလက်များနှင့် မဲပေးပုံနည်းလမ်းများကို မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ သိရှိနားလည်ပြီး ကောင်းမွန်စွာ အသုံးပြုဆောင်ရွက်နိုင်ရန် လက်တွေ့သရုပ်ပြ ရှင်းလင်းပြသကြသည်။

ထို့နောက် မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခြင်းများ(အပေါ်ပုံ) ဆောင်ရွက်ကြရာ ၎င်းတို့ကိုယ်တိုင် မဲပေးစက်၏ ထိန်းချုပ်စက် (Control Unit) ကို ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များ တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန် မမှန် စိစစ်ခြင်းတို့ကို အလှည့်ကျဆောင်ရွက်ကြသည်။

 ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၁၄ ခုမှ မဲဆန္ဒရှင်ပြည်သူများအား ရှင်းလင်း သရုပ်ပြသခြင်းနှင့် စမ်းသပ်မဲပေးခြင်းများကို နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်