Skip to main content

ကျောက်ဆည်မြို့မှ ရိုးရာအမွေအနှစ်များ ဖော်ထုတ်ပေးလျက်ရှိသည့် ရွှေအိုးဆင်ချိုးနှင့် ရွှေချည်ထိုးလုပ်ငန်း ပြည်ပတင်ပို့နိုင်သည်အထိ အောင်မြင်လာ

ကျောက်ဆည် နိုဝင်ဘာ ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်မှသာလျှင် နိုင်ငံ့စီးပွားရေးသည်လည်း ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သဖြင့် အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဖြင့် ရိုးရာအမွေအနှစ်များ ဖော်ထုတ်ပေးနေသည့် ကျောက်ဆည်မြို့မှ ရွှေအိုးဆင်ချိုးနှင့် ရွှေချည်ထိုးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။

ကျောက်ဆည်မြို့၌ အဆိုပါ ဆင်ချိုးလုပ်ငန်းကို ၂၀၀၂ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ကြပြီး ဆင်ရုပ်ချိုးကုန်ကျပစ္စည်းအနေဖြင့် နှီးဝါးကို အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့အနေနဲ့ ဆင်ရုပ်ချိုးလုပ်ငန်းကို ၂၀၀၂ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။ ဆင်ချိုးလုပ်ငန်း ကုန်ကြမ်းအဓိကကတော့ ကျွန်တော်တို့ ဝါး (နှီးဝါး) အခြေခံဆောင်ရွက်ရတာမနှီးဝါးတွေကို နေပြည်တော်၊ ပျဉ်းမနားဘက်ကလာတဲ့ ဝါးတွေ အဓိကထား ဝယ်ယူအသုံးပြုရပါတယ်။ ဝါးအသုံးပြုတဲ့ နေရာမှာလည်း ဝါးအမျိုးမျိုး အသုံးပြုရ ပါတယ်။ နှီးအဖြစ်နဲ့နှီးဝါးကို အသုံးပြုရပါတယ်။ နောက်ပြီး ကျွန်တော်တို့ ဂွေတွေတည်ဖို့ကတော့ ပျဉ်းမနားကလာတဲ့ ဝါးတွေကို အသုံးပြုရပါတယ်။ ဆင်ကတဲ့ အခါမှာဆင်ထဲမှာဝင်ပြီး ထမ်းပိုးကရတဲ့ ထမ်းပိုးဝါးလို့ခေါ်တဲ့ ထမ်းဝါးတွေကို ဝါးပိုးဝါးထဲမှ အတုတ်ဆုံးဝါးတွေနဲ့ ကျွန်တော်တို့ ပြုလုပ်ပေးရပါတယ်။ လက်ကိုင်လို့ရမယ့် ဝါးချဉ်၊ ဝါးမျဉ်ဝါးလေးတွေကို အသုံးပြုရပါတယ်။ အခြေခံအနေနဲ့ ဝါးတွေပြုလုပ်ပြီးတဲ့အပေါ် အဆင့်ပြီးတော့ စက္ကူအကြမ်းကပ်တဲ့နေရာမှာ ကျွန်တော်တို့က ရှမ်းပြည်ကလာတဲ့စက္ကူ၊ မှိုင်းခံစက္ကူ၊ ကုန်ကြမ်းစက္ကူတွေကို ပထမဦးဆုံး အဆင့်အနေနဲ့ ကပ်ပေးရပါတယ်။ အဲဒါပြီးသွားတော့ စက္ကူတွေ ခြောက်သွားရင် နောက်တစ်ဆင့်အနေနဲ့ စစ်တောင်းကလာတဲ့ စက္ကူဂျပ်အညို အထူစားကို အပေါ်ကနေ အဆင့်ဆင့်ပြုလုပ်ပြီး ကပ်ပေးရပါတယ်။ ကုန်ကြမ်းက ဝါးအခြေခံတယ်ဆိုသော်လည်း ယနေ့ခေတ်မှာ အလှအပဆင်တဲ့ ပစ္စည်းတွေပါလာပြီး အလှအပပစ္စည်းတွေဖြစ်တဲ့ ဘော်ကြယ် ရွှေချည်ထိုး တန်ဆာပလာတွေကို အများဆုံး အသုံးပြုနေတာကတော့ တရုတ်နိုင်ငံထုတ် ဘော်ကြယ်ပစ္စည်းတွေကို အလှအပတန်ဆာဆင်တဲ့ ပစ္စည်းအမျိုးမျိုးအဖြစ် အသုံးပြုကြပါတယ်။ ကတ္တီပါစကို ကုန်ကြမ်းအနေနဲ့ သုံးပြီးတော့ အချောထည် ပြုလုပ်ပေးရပါတယ်။ အလှတန်ဆာဆင် ပြုလုပ်ပေးရပါတယ်ဟု ကျောက်ဆည်မြို့ ဖောင်ရွာရပ်ကွက်မှ ရွှေအိုးဆင်ချိုးနှင့် ရွှေချည်ထိုးလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ခိုင်စိုးက ပြောသည်။

ဆင်ရုပ်တစ်ရုပ် စချိုးသည့်အချိန်မှာ အနည်းဆုံးတစ်ပတ်၊ ၁၀ ရက်ကြာပြီး ဝါးအကြမ်းထည်ကနေ အပေါ်ဆေး အချောအလှဆင်ပြီးသည့်အထိ တစ်ပတ်၊ ၁၀ ရက်ကြာကြောင်း၊ အလှအပဘော်ကြယ် ဆင်တွင် အလှအပတန်ဆာပလာဒီဇိုင်းများ ပါလာသည့်အတွက် တစ်လခန့် အနည်းဆုံးအချိန်ယူပြီး အလုပ်လုပ်ရကြောင်း သိရသည်။

ဆင်တစ်စီးရဲ့ ခံနိုင်ရည်အား ဆင်တစ်စီးမှာ အပေါ်မှာပါတဲ့ ဆင်ရဲ့တန်ဆာပလာ ဝိတ်အချိန်တွေပါမယ်။ အထဲမှာ ပြုလုပ်ထားတာကတော့ နှီးနဲ့ တုပ်ပါတယ်။ ဝါးကို နှီးနဲ့တုပ်ထားတာဖြစ်တဲ့အတွက် လူနှစ်ယောက်က ဆင်ကို ငြိမ်နေအောင်ထားလို့ မရဘူး။ လှုပ်ရမ်းခါ နေတဲ့အတွက် ဆင်ရဲ့ချို့ယွင်းချက် အနည်းငယ်ဖြစ်လာရင် ပြန်ပြီး ပြုပြင်ပေးရပါတယ်။ လိုအပ်တဲ့အရာ၊ လိုအပ်တဲ့အချက်တွေကိုပြန်ပြီး ပြုပြင်ပေးရပါတယ်။ အဲဒီလိုပြုပြင်တာ နည်းအောင် စတင်လုပ်ကတည်းက ပျက်တတ်တဲ့နေရာ၊ ချို့ယွင်းတတ်တဲ့နေရာတွေကို ကျွန်တော်တို့က အထူးဂရုစိုက်ပြီး အသစ်ပြုလုပ်စဉ်ကတည်းက ပြုလုပ်ပေးပါတယ်။

ဆင်ရုပ်ပြုလုပ်တဲ့အခါ အပိုင်းနှစ်ပိုင်း ရှိပါတယ်။ ကျောက်ဆည်ဒေသအနေနဲ့ကတော့ လက်ဆောင်ပေးတယ်၊ ဘုရားတင်တယ်။ အမှတ်တရပေးတဲ့ ဆင်ရုပ်အသေးအနေနဲ့ တစ်ပိုင်းရှိပါတယ်။ လူဝင်ကတဲ့ ဆင်ရုပ်က ကြိုးဆင်တွေမှာကျတော့ အမျိုအစား အမျိုးမျိုးခွဲပေးထားပါတယ်။ ကျွန်တော်တို့က ရိုးရာဆင်၊ ဘော်ကြယ်ဆင် ပြုလုပ်ပါတယ်။ ရိုးရာ ဆင်နဲ့ ဘော်ကြယ်ဆင်ကြားမှာ အလှအပတန်ဆာဆင်ထားတဲ့ ဆင်ရုပ်အမျိုးမျိုး ခွဲခြားပေးထားပါတယ်။ လက်ဆောင်ပေးတဲ့ ဆင်အတိုင်းအတာဆိုရင် အနည်းဆုံး အနိမ့်ဆုံး ဆင်ရုပ်အသေးဆိုရင်သုံးထောင်ကျပ်ကနေ အမြင့်ဆုံးလေးသောင်းကျပ်မှ ငါးသောင်းကျပ်အထိ ရှိပါတယ်။ ဈေးအစားစားရှိပါတယ်။ ပစ္စည်းပေါ် မူတည်ပြီး လူဝင်ကတဲ့ ဆင်ရုပ်အကြီးကြီး တွေအနေနဲ့ကတော့ ရိုးရာဆင်ဆိုရင် ဒီနှစ်ပေါက်ဈေးက လေးသိန်းခွဲရှိပါတယ်။ ကျွန်တော်တို့ ကျောက်ဆည်မှာ ပုံမှန် နှစ်စဉ်ကျင်းပနေတဲ့ ဆင်ပွဲတော်မှာ ဝင်ပြိုင်တဲ့ရိုးရာဆင်တွေပါ။ ဘော်ကြယ် ဆင်အနေနဲ့ကတော့ ဒီနှစ်ပေါက်ဈေး ၂၅ သိန်းရှိပါတယ်။ အသေးစိတ်ကတော့ ဆင်ရုပ်က ဈေးအစားစားရှိပါတယ်ဟု ၎င်းက ပြောသည်။

ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချမှုနှင့်ပတ်သက်ပြီး “ကျွန်တော်တို့ ငယ်စဉ်တုန်းက ကျောက်ဆည်နယ်တစ်ဝိုက်မှာပဲ တော်တော်နာမည်ကြီးခဲ့တာပါ။ ကျောက်ဆည်နယ်ဒေသလောက်ပဲ ဆင်ရုပ်နဲ့ ကကြတာပါ။ ကျွန်တော်တို့ နိုင်ငံနဲ့ဖြန့်ချိမှု အနေနဲ့ကတော့ နေရာအနှံ့အပြားမှာ အမြို့မြို့အနယ်နယ်တိုင်းမှာ လက်ညှိုးထိုး မလွဲဘူး။ ကျောက်ဆည်ဆင်ဆိုရင် ပျံ့နှံ့ပြီး ရောက်ရှိနေပါပြီ။ တော်တော်များများကလည်း ကျောက်ဆည်ဆင်ရဲ့ ဆင်အကအလှသဘာဝကို တော်တော်လေး စိတ်ဝင်စားပြီး စိတ်ဝင်တစားနဲ့ ပြုလုပ်လာတဲ့ မြို့တွေလည်း တော်တော် များလာပါပြီ။ ကျွန်တော်တို့ ကိုဗစ်ကာလမတိုင်မီ ဂျပန်နိုင်ငံကို ဘော်ကြယ်ဆင် နှစ်စီး၊ အမေရိကန်နိုင်ငံကို ကပ်ပန်းဆင်တစ်စီး၊ ထိုင်းနိုင်ငံကို ငါးစီးထိအောင် တင်သွင်းရတဲ့ အဆင့်ထိရောက်ခဲ့ပါပြီဟု ဦးအောင်ခိုင်စိုးက ဆိုသည်။

ကျွန်တော်တို့စပြီး အလုပ်လုပ်ပြီဆိုကတည်းက အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနဲ့ ဆက်သွယ်ပြီး အသေးစားလုပ်ငန်းအနေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ငန်းနဲ့ပတ်သက်ပြီး အကြံပြု တဲ့အချက်တွေကို လိုက်နာဆောင်ရွက်ပါတယ်။ လိုအပ်တဲ့အကူအညီတွေ ရယူလုပ်ကိုင်ဆောင်ရွက်ပါတယ်။ ကိုယ့်ရိုးရာ အမွေအနှစ်ကို ထိန်းသိမ်းလာတဲ့အတွက် လုပ်ငန်းတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် မြို့နယ်မှကြီးမှူးပြီး သင်တန်းအနေနဲ့ ဖွင့်လှစ်နိုင်ရင် ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့က အနယ်နယ်အရပ်ရပ် ကိုယ့်ရဲ့ရိုးရာ၊ ကိုယ့်ဒေသရဲ့ဂုဏ်၊ ဆင်ရုပ် ချိုးအနုပညာ၊ ဆင်အကပညာတို့ဆိုတာတော့ ပျံ့နှံ့နိုင်ရင် ကောင်းပါတယ်။ ကျွန်တော်တို့ တစ်ဦးတည်းအတွက်တော့ မဟုတ်ပါဘူး။ အများအတွက်ဆိုရင် ရိုးရာဆင်ဆိုတာ ကျောက်ဆည်ဒေသရဲ့ပြယုဂ် ဖြစ်ပါတယ်။ တခြားမြို့ရွာတွေအနေနဲ့ကတော့ သူတို့ရဲ့ အနုပညာဖျော်ဖြေမှု အနုပညာပြယုဂ်တစ်ခုအနေနဲ့ အသုံးပြုတာဖြစ်ပါတယ်။ ဆင်ရုပ်ဆိုရင်ကျွန်တော်တို့ဒေသရဲ့ ဂုဏ်နဲ့ဆင်ပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲ ကျင်းပလျက်ရှိပါတယ်။ တခြားမြို့၊ တခြားနယ်တွေအနေနဲ့ကတော့ ဝါသနာပါပြီး ဆောင်ရွက်လုပ်ကိုင်လိုရင် အမြဲကြိုဆိုပါတယ်။ အမြဲတမ်းလည်း ဂုဏ်ယူပါတယ်။ ဆင်ရုပ်ချိုး လုပ်ငန်းကို အမျိုးသား ငါးဦး၊ အမျိုးသမီး ၁၅ ဦးနဲ့ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ ကျောက်ဆည်သူ၊ ကျောက်ဆည်သားတွေမကပါဘူး အခြားသူတွေက ဝါသနာပါတယ်ဆိုရင် ကျွန်တော်တို့ တော်တော်လေးကို လေးစားပါတယ်။ ကျောက်ဆည်နယ်သူ၊ ကျောက်ဆည်နယ် သားများအနေနဲ့ တစ်ပိုင်တစ်နိုင် အသေးစားလုပ်ငန်းတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့၊ ယနေ့လူငယ်တွေ ရိုးရာအမွေ ထိန်းသိမ်းတတ်စေဖို့အတွက် ဆင်ရုပ်ချိုးလုပ်ငန်းကိုလုပ်ကိုင်ဆာင်ရွက်ဖို့ ပြောချင်ပါတယ် ဟု ၎င်းက ဆက်လက်ပြောသည်။

တွေ့ဆုံမေးမြန်း-တင်တင်ထွေး (ပြန်/ဆက်)

ဓာတ်ပုံ-အောင်ပိုင်ပိုင်ကျော်