နေပြည်တော် နိုဝင်ဘာ ၂၈
AA အဖွဲ့၏ ထိုးစစ်အရှိန်မြှင့်လာသဖြင့် စစ်တွေတက္ကသိုလ်ဝန်းထဲ၌ နိုဝင်ဘာလ ၂၇ ရက်တွင် တပ်မတော်သားများ ဝင်ရောက်တပ်စွဲနေရာယူပြီး မြို့တွင်းအထပ်မြင့် အဆောက်အဦများပေါ်၌ အထိုင်ချရန် ပြင်ဆင်နေကြောင်းနှင့် ထိုသို့နေရာယူခြင်းသည် ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများအား လူသားဒိုင်းအဖြစ် အသုံးချခြင်းဖြစ်သည်ဟု မဟုတ်မမှန်သတင်းများကို တရားမဝင် ပြည်ဖျက်မီဒီယာများမှတဆင့် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတုသတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိပါသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ စစ်တွေတက္ကသိုလ်၌ တပ်မတော်မှ ဝင်ရောက် တပ်စွဲနေရာယူခြင်းများ မရှိကြောင်းနှင့် ကျောင်းဖွင့်ချိန်များတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဝန်းဧရိယာပြင်ပ၌ လုံခြုံရေးတာဝန် ထမ်းဆောင်ပေးခြင်းများသာရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်သွယ်မေးမြန်းချက်များအရ သိရှိရသည်။
တရားမဝင် ပြည်ဖျက်မီဒီယာများအနေဖြင့် တပ်မတော်အပေါ် နိုင်ငံတကာနှင့် ပြည်သူလူထုမှ အထင်မြင်လွဲမှားစေရန် ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများအား လူသားဒိုင်းအဖြစ် အသုံးချခြင်းဖြစ်သည်ဟု မဟုတ်မမှန်သတင်းများကို ရည်ရွယ်ချက်ရှိရှိ ရေးသားခြင်းသာဖြစ်ကြောင်း၊ လွိုင်ကော်တက္ကသိုလ်၌ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအရ အကြမ်းဖက်သမားများအနေဖြင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိသားစုဝင်များကို တက္ကသိုလ်ဝန်းထဲမှ ကယ်ထုတ်သည်ဟုဆိုကာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွား၍ လူသားဒိုင်းအဖြစ် အသုံးချလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက်သမားများ၏ လုပ်ရပ်များအား ဖုံးကွယ်ပေးရန်နှင့် တပ်မတော်မှ နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေမှုများအပေါ် ပြည်သူလူထုမှ အထင်မြင်လွဲမှားစေရန် ယခုကဲ့သို့ မဟုတ်မမှန် သတင်းတုသတင်းမှားများ ထုတ်ပြန်ရေးသားကာ တပ်မတော်၏ ပုံရိပ်ကျဆင်းအောင် တမင်ဖန်တီး တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။