Skip to main content

ကျောက်ဆည်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများတွင် တန်ဆောင်တိုင်ရုံးပိတ်ရက် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

ကျောက်ဆည် နိုဝင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၌ တန်ဆောင်တိုင်ရုံးပိတ်ရက်များတွင် ရပ်ဝေး၊ ရပ်နီးမှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရပြီး မဟာဆုတောင်းပြည့်ရွှေသိမ်တော်ဘုရားနှင့် တမုတ်ရွှေဂူကြီး ဘုရားနှစ်ဆူသည် ဘုရားဖူးများ နေ့စဉ်လာရောက်ဖူးမြော် ဘုရားကန်တော့ဆုတောင်းလျက်ရှိရာ အခါကြီးရက်ကြီးများနှင့် အစိုးရရုံးပိတ်ရက်များတွင် ပိုမိုစည်ကားလျက်ရှိကြောင်း သိရသည်။

တမုတ်ရွှေဂူကြီးဘုရားသည် ကျောက်ဆည်မြို့ အနောက်ဘက်(၅)မိုင်အကွာ ညောင်ပင်ဇောက်ကျေးရွာအနီးတွင်တည်ရှိပြီး မဟာဆုတောင်းပြည့်ရွှေသိမ်တော်ဘုရားသည် ကျောက်ဆည်မြို့မြောက်ဘက် ရန်ကုန်-မန္တလေးကားလမ်း သင်တောင်းကြီးကျေးရွာအနီးတွင်တည်ရှိကြောင်း သိရသည်။

ထို့ပြင် မဟာရွှေသိမ်တော် ဆုတောင်းပြည့်ဘုရားကြီးသည် ရန်ကုန်-မန္တလေး ကားလမ်းကြီးအနီးတွင်တည်ရှိသောကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ ပိုမိုလာရောက်ကြကြောင်း၊ ဘုရားကြီးအား ပြည်သူများနံနက်အရုဏ်ဆွမ်းနှင့် သောက်တော်ရေများကပ်လှူပူဇော် ဘုရားဝတ်ပြုဆုတောင်းနိုင်ရေးအတွက် နေ့စဉ်နံနက် ၅ နာရီမှ စတင်ပြီးဖွင့်လှစ်ထားကြောင်း၊ တန်ဆောင်တိုင်ရုံးပိတ်ရက်ဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ ပိုမိုလာရောက်သဖြင့် စည်ကားလျက်ရှိကြောင်း၊ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ဘုရားဖူးနိုင်ရေးနှင့် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဘုရားလုံခြုံရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ဂေါပကဥက္ကဋ္ဌ ဦးကျော်ဆွေက ပြောသည်။

သက်မောင်(ကျောက်ဆည်)