Skip to main content

ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ခိုင်မာအားကောင်းတဲ့ တရားဝင်အထောက်အထားရှိဖို့ လိုအပ်တာမို့ မြေအကြောင်းကို လူတိုင်းသိစေလိုတဲ့စိတ်နဲ့ ဒီစာအုပ်ဖြစ်ဖို့ ကြိုးစားအားထုတ်ခဲ့တာဖြစ်ပါတယ်

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့်စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူများအား မြန်မာ့အလင်းမှ‌ တွေ့ဆုံမေးမြန်းမှုများကို ဆက်လက်‌ဖော်ပြလိုက်ပါသည်။

ဘာသာရပ် - သုတပဒေသာ(ဝိဇ္ဇာ)

စာ‌ရေးသူ - ဦးကျော်မြင့် G.A

စာအုပ်အမည် - အသုံးချမြေယာနှင့်အုပ်ချုပ်ရေး

“တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများသည် မြေယာအသုံးချမှုစီမံခန့်ခွဲရေးနဲ့ပတ်သက်ပြီး အပ်နှင်းထားတဲ့ အခွင့်အာဏာကိုကျင့်သုံးကာ ပြည်သူကိုဝန်ဆောင်မှုပြုကြရတာပါ။ မြေယာပြဿနာဟာ အလွန်များပြားခဲ့ပါတယ်။ လက်ရှိကာလမှာလည်းများပြားပါတယ်။ မြေနဲ့လူရှိနေသမျှတော့ မြေပြဿနာရှိနေဦးမှာပါ။ ပြည်သူအချင်းချင်းဖြစ်တဲ့ မြေပြဿနာမှာ အခွင့်အာဏာရှိသူဝန်ထမ်း ရိုးသားမှုမရှိရင် ပြည်သူဟာ ကုစားလို့မရနိုင်လောက်အောင်ကို အလွန်ဆိုးရွားတဲ့ လူ့အခွင့်အရေးဆုံးရှုံးမှုတွေ တွေ့ရပါတယ်။ ပြည်သူနစ်နာခဲ့တဲ့ဖြစ်စဉ်တွေ၊ ပြည်သူကိုဗဟိုပြုရာမှာဥပဒေကို အလေးမထားတဲ့ ဖြစ်စဉ်တွေကို နိုင်ငံ့ဝန်ထမ်းတာဝန်ထမ်းဆောင်စဉ်မှာ ကြုံတွေ့ခဲ့ရပြီး ဖြေရှင်းခဲ့ရတာတွေရှိပါတယ်။

၁၉၉၉ ခုနှစ် ခရိုင်အုပ်ချုပ်ရေးမှူးတာဝန် စတင်ထမ်းဆောင်ချိန်ကစပြီး အငြိမ်းစားယူပြီးရင် စာရေးပြီးမျှဝေမယ်လို့ စိတ်ကူးရှိထားခဲ့ပါတယ်။ နိုင်ငံရဲ့အုပ်ချုပ်ရေးသမိုင်း၊ နိုင်ငံတော်ပြန်တမ်း၊ ဌာနကထုတ်ပြန်တဲ့ အမိန့်ညွှန်ကြားချက်၊ အလုပ်ရုံဆွေးနွေးပွဲနဲ့ သင်တန်းတွေကရရှိတဲ့ အချက်အလက်တွေ ပေါင်းစုပြီး စာအုပ်ကောင်းတစ်အုပ်ဖြစ်အောင် အချိန်များစွာယူပြီး ကြိုးစားအားထုတ်ခဲ့ရပါတယ်။ စာမူပြုစုတာ နှစ်နှစ်ခွဲကြာပါတယ်။ ပုံနှိပ်မူကြမ်းကို အကြိမ်ကြိမ်ပြန်စစ်ပြီး ဥပဒေအကိုးအကား အထောက်အထား မှန်မမှန် ပြန်ကြည့်ရင်း ၂၂-၂-၂၀၂၂ ရက်ရောက်မှ စာအုပ်ဖြန့်ချိပွဲ ပြုလုပ်နိုင်ခဲ့ပါတယ်။

အသုံးချ မြေယာနှင့်အုပ်ချုပ်ရေးစာအုပ်က ဆိုက်ကြီးခန့်ချုပ် ၆၅၉ မျက်နှာရှိပါတယ်။ အကြောင်းအရာ ၁၁၄ မျိုးရှိပြီးမြေယာအကြောင်းချည်းပါပဲ၊ ဆက်စပ်အကြောင်းအရာ ဖြစ်စဉ်မှန်တွေလည်း ဖတ်ရှုပျော်အောင်ထည့်ရေးပါတယ်။ နိုင်ငံတာဝန်ထမ်းဆောင်တဲ့ နှစ် ၄၀ နီးပါးကာလအတွင်း မြေယာနဲ့ပတ်သက်ပြီး ကြုံတွေ့ရတဲ့ အဖြစ်အပျက်အမှန်ကို အခြေခံပြီးမျှဝေထားတာပါ။ အဓိကဦးတည်တာကတော့ အစိုးရကိုကိုယ်စားပြုပြီး မြေအသုံးချမှုစီမံခန့်ခွဲခြင်းဖြင့် ပြည်သူကိုဝန်ဆောင်မှုပေးနေတဲ့ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း အားလုံးလက်စွဲအဖြစ် အသုံးပြုနိုင်ဖို့နဲ့ ဆက်နွှယ်လုပ်ကိုင်နေရတဲ့ ဌာနဝန်ထမ်းများအတွက်ဖြစ်ပါတယ်။ ဒုတိယဦးတည်အုပ်စုကတော့ မြေရှိပြီးသူများ၊ မြေရှိအောင်အားထုတ်နေသူများ၊ မြေဝယ်လိုသူ၊ မြေရောင်းလိုသူများဖြစ်ပါတယ်။ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ခိုင်မာအားကောင်းတဲ့ တရားဝင်အထောက်အထားရှိဖို့လိုအပ်တာမို့ မြေအကြောင်းကို လူတိုင်းသိစေလိုတဲ့စိတ်နဲ့ ဒီစာအုပ်ဖြစ်ဖို့ ကြိုးစားအားထုတ်ခဲ့တာဖြစ်ပါတယ်။

ယခုသုတပဒေသာ(ဝိဇ္ဇာ) အမျိုးသားစာပေဆုရရှိတဲ့စာအုပ်ဟာ ပထမဆုံးရေးသားထုတ်ဝေတဲ့ စာအုပ်ဖြစ်ပါတယ်။ စာပေဆုရရှိလိုတဲ့ စိတ်ဆန္ဒနဲ့ရေးသားခဲ့တဲ့ စာအုပ်မဟုတ်ပါဘူး။ ပြိုင်ပွဲဝင်ခဲ့တာလည်း မဟုတ်ပါဘူး။ တည်ဆဲဥပဒေများကို ကိုးကားပြီး Update ဖြစ်တဲ့ အချက်အလက်တွေပါဝင်ပြီး ပြည်သူကို လက်တွေ့အကျိုးပြုတဲ့စာပေဖြစ်တယ်လို့ အကဲဖြတ်စာပေပညာရှင်ဆရာကြီးများကသုံးသပ်ပြီး အမျိုးသားစာပေဆုနဲ့ထိုက်တန်လို့ ဆုံးဖြတ်ရွေးချယ်လိုက်တာဖြစ်လို့ ဝမ်းသာပီတိဖြစ်ရတာတော့ အတိုင်းထက်အလွန်ပါပဲ။

ဆက်လက်ဆောင်ရွက်မယ့် စာပေလုပ်ငန်းများအနေနဲ့ကတော့ မြန်မာနိုင်ငံစာရေးဆရာအသင်းကိုဝင်ပြီး အသင်းကပေးတဲ့တာဝန်ကိုထမ်းဆောင်ပါမယ်။ ဒုတိယစာအုပ်ကိုလည်း ရေးသားနေပါတယ်။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်နဲ့ ပြည်သူကိုနိစ္စဓူဝဝန်ဆောင်မှုပြုနေရတဲ့ အုပ်ချုပ်ရေးဆိုင်ရာဝန်ထမ်းများနဲ့ စပ်ဆိုင်တဲ့ အကြောင်းအရာတွေကို ဆက်လက်မျှဝေသွားမှာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ လူငယ်တွေကို အကြံပြုလိုတာကစာဖတ်ပါ။ အကျိုးရှိစေမယ့်စာကိုရွေးဖတ်နိုင်ရင် အကောင်းဆုံးပါပဲ။ အတွေ့အကြုံကိုယူပါ။ လုံလောက်သောအသိပညာက အခက်အခဲများကို လွယ်ကူစွာကျော်ဖြတ်နိုင်တာမို့ စာဖတ်ကြဖို့ တိုက်တွန်းပါတယ်။”

ဦးကျော်မြင့်(ဦးကျော်မြင့် G.A)အား အဖ ဦးဘဂျမ်းနှင့် အမိ ဒေါ်ကြွယ်အေးတို့မှ မိတ္ထီလာမြို့နယ် ကြာကန်ရွာ၌ ၁၉၅၇ ခုနှစ်တွင် မွေးဖွားပြီး မွေးချင်းကိုးယောက်တွင် အဋ္ဌမမြောက်သားဖြစ်ကာ လက်ရှိတွင် ရန်ကုန်မြို့၌ မိသားစုနှင့်အတူ‌ နေထိုင်လျက်ရှိသည်။

ဘာသာရပ်- နိုင်ငံရေးစာပေဆု

စာရေးသူ - သက်နိုင်ဦး(ကျည်ကာ)

စာအုပ်အမည် - တစ်ကြောင်းတည်းသော မြန်မာနိုင်ငံထွက်ရပ်လမ်း

မြေပုံကျမ်း

“ကျွန်တော်က နိုင်ငံရေးကျွမ်းကျင်သူပညာရှင်မဟုတ်ပါဘူး။ အခြားသောနိုင်ငံသားများနည်းတူတိုင်းပြည်ကို ငြိမ်းချမ်းစေလိုသူ တစ်ယောက်သာဖြစ်ပါတယ်။ ဒီစိတ်ဆန္ဒစေတနာပြင်းပြမှုဟာ ဒီစာအုပ်လေးကို မွေးဖွားပေးလိုက်တာပါပဲ။ စာအုပ်မှာအပိုင်းသုံးပိုင်းပါပါတယ်။ အပိုင်း(က)တွေးခေါ်သုံးသပ်မှုအပိုင်း၊ အပိုင်း(ခ) တစ်ကြောင်းတည်းသော မြန်မာနိုင်ငံထွက်ရပ်လမ်းနှင့် အပိုင်း(ဂ) ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လိုရင်းသုံးသပ်ချက် (အကျဉ်း)နှင့်အထွေထွေဖြစ်ပါတယ်။

စာရေးတဲ့အလုပ်ဟာ အလွန်တာ၀န်ကြီးပါတယ်။ ဒီစာအုပ်ဟာ ကျွန်တော့်ရဲ့ တစ်အုပ်တည်းသောစာအုပ်ပါ။ အခြားရေးသားထုတ်ထားတာမရှိပါဘူး။ ဒီစာအုပ်လေးသက်ဝင်လှုပ်ရှားလာပြီး မြန်မာပြည်ငြိမ်းချမ်းရေးအတွက် လက်တွေ့တကယ်အကျိုးဖြစ်ထွန်းစေခဲ့မယ်ဆိုရင်တော့ ကျွန်တော့်ဘဝမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ဝမ်းသာကြည်နူးမှုကို ခံစားရမှာအမှန်ပါပဲ။ နိုင်ငံသူနိုင်ငံသားအားလုံး၊ နိုင်ငံရေးသမားများအားလုံး၊ နိုင်ငံ့အင်အားစုများ အားလုံးဟာဒီစာအုပ်လေးကို တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် လက်တွေ့အသုံးချနိုင်ကြပါစေလို့ ဆုတောင်းတိုက်တွန်းလိုက်ရပါတယ်။”

ဦးသက်နိုင်ဦးအား အဖ ဦးထွန်းလှိုင်၊ အမိ‌ဒေါ်အောင်မြတ်ကြည်တို့မှ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်‌ ရွှေဂွန်းရွာ၌ ၁၉၇၂ ခုနှစ်တွင် မွေးဖွားပြီး ၁၉၉၀ တွင် အခြေခံပညာအထက်တန်းကျောင်း(ရွှေဂွန်း) မှ ၁၀ တန်းအောင်မြင်သည်။ ရန်ကုန်စက်မှုတက္ကသိုလ်သို့ ၁၉၉၃-၉၄ ပညာသင်နှစ်တွင် တက်ရောက်ခွင့်ရသည်။ ၂၀၀၃ တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၌ အငယ်တန်းအင်ဂျင်နီယာ(၂)မြို့ပြရာထူးဖြင့် အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခံရသည်။ လက်ထောက်ညွှန်ကြားရေးမှူး (အင်ဂျင်နီယာမှူး)ရာထူး တာဝန်ထမ်းဆောင်စဉ် ရာထူးတာဝန်များကို ဆက်လက်ထမ်းဆောင်ရန် ဆန္ဒမရှိတော့သဖြင့် ၂၀၁၉ မေလတွင်နုတ်ထွက်ခဲ့သည်။ ယခုအခါ ပြင်ပဆောက်လုပ်ရေးအင်ဂျင်နီယာ တစ်ဦးအဖြစ်လုပ်ကိုင်ပြီး ဘားအံမြို့တွင် မိသားစုနှင့် နေထိုင်လျက်ရှိသည်။

ဘာသာရပ် - ဘာသာပြန် (သုတ)

စာရေးသူ - ဒေါက်တာတင်ဘုန်းကျော်

စာအုပ်အမည် - စူပါပါဝါပြိုင်ပွဲနှင့် AI နည်းပညာ

“ဒီစာအုပ်ကိုရေးတော့ ၂၀၂၀ ကိုဗစ်ဖြစ်နေတဲ့အချိန်ပါ။ ကိုဗစ်ကာလမှာ အိမ်တွင်းအောင်းရင်းနဲ့ အကျိုးရှိတဲ့အလုပ်တစ်ခုတော့ ဖြစ်‌အောင်လုပ်မယ်ဆိုတဲ့ စိတ်ကူးလေးရခဲ့တာပါ။ အေအိုင်နည်းပညာဟာ မကြာခင်လူတွေရဲ့နေ့စဉ်ဘဝထဲကို ထဲထဲဝင်ဝင်ရောက်လာတော့မှာဖြစ်ပေမယ့် အဲဒီကာလမှာ အေအိုင်ဆိုတဲ့စကားလုံးက မြန်မာလူထုနဲ့ မရင်းနှီးသေးတဲ့ နည်းပညာလည်းဖြစ်တယ်။ ဒါကြောင့် အဲဒီကာလမှာ အေအိုင်နဲ့ပတ်သက်တဲ့စာအုပ်တွေ ဖတ်ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်က အေအိုင်နည်းပညာနဲ့ပတ်သက်ပြီး ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံကနေ တင်ပြထားတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်၊ အေအိုင်နည်းပညာ သမိုင်းကြောင်းကနေစလို့ ဒီနေ့ခေတ်အထိ မလွတ်တမ်း ရေးထားတဲ့ စာအုပ်တစ်အုပ်လည်းဖြစ်တယ်။ ဒါ့အပြင် အေအိုင်နည်းပညာကို အခြေခံကျကျနားလည်အောင် ရေးသားထားတဲ့စာအုပ်လည်းဖြစ်ပြီး အေအိုင်နည်းပညာကို စိတ်ဝင်စားတဲ့သူတိုင်း မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်ဖြစ်တယ်လို့ ယူဆတာကြောင့် ဘာသာပြန်ထုတ်ဝေဖို့ ဆုံးဖြတ်ခဲ့တာပါ။ စရေးဖြစ်တဲ့အချိန်ကစပြီး ထုတ်ဝေတဲ့အထိ နှစ်နှစ်ကျော်အချိန်ယူခဲ့ရပါတယ်။

ဒီစာအုပ်က အခန်းကြီး သုံးခန်း ပါဝင်ပြီးတော့ ပထမအခန်းက အေအိုင်နည်းပညာဘယ်လိုစဖြစ်လာတယ်၊ ဘယ်လိုအခြေတည်ခဲ့တယ်ဆိုတာဖြစ်ပြီး ဒုတိယအခန်းကတော့ ၂၁ ရာစုရဲ့ အေအိုင်ရဲ့အခြေခံတွေဖြစ်တဲ့ ကွန်ပျူတာနဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းများ၊ သင်္ချာသဘောတရားနဲ့ အေအိုင်၊ အေအိုင်နည်းပညာအကြောင်းတွေပါဝင်ပြီး တတိယအခန်းကတော့ အေအိုင်နည်းပညာရဲ့ လက်ရှိနဲ့ အနာဂတ်အပေါ် လွှမ်းမိုးသက်ရောက်နိုင်မှုတွေ ပါဝင်ပါတယ်။

လက်ရှိအချိန်အထိ ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါး ၁၇၀ ကျော်ရှိပါပြီ။ ဒါပေမယ့် အခု အမျိုးသားစာ‌ပေဆုရခဲ့တဲ့ စာအုပ်က‌တော့ မြန်မာဘာသာနဲ့ရေးထားတဲ့ ကျွန်တော့်ရဲ့ ပထမဆုံးစာအုပ်ဖြစ်ပါ တယ်။ ၂၀၂၄ ထဲမှာ အတွေးအမြင်ကဏ္ဍပိုင်းနဲ့ နည်းပညာပိုင်း၊ ဘာသာရပ်ပိုင်းဆိုင်ရာစာအုပ်တွေနဲ့ ဆောင်းပါးတွေ ဆက်လက်ထုတ်ဝေသွားဖို့ရှိပါတယ်။ ပထမဆုံးထုတ်ဝေတဲ့စာအုပ်မှာပဲ အမျိုးသား စာပေဆု ရခဲ့တာကြောင့် အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်။ နောက်ထပ် စာတွေရေးသားနိုင်ဖို့လည်း ခွန်အားတွေဖြစ်စေပါတယ်။”

ဒေါက်တာတင်ဘုန်းကျော်အား အဖ ဦးစန်းဝေ၊ အမိ ဒေါ်ခင်စန်းရင်တို့က ၁၉၇၈ ခုနှစ်တွင် ရမည်းသင်းမြို့၌ ဖွားမြင်ခဲ့သည်။ ၁၉၉၅ တွင် အထက(၂)လှိုင်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီး ၁၉၉၆ တွင် စစ်တက္ကသိုလ် အမှတ်စဉ်(၄၁)သင်တန်းကို တက်ရောက်ကာ ၂၀၀၀ ပြည့်နှစ်တွင် သိပ္ပံဘွဲ့(စစ်တက္ကသိုလ်)ကို ရရှိခဲ့သည်။ ၂၀၀၃ တွင် ရုရှားနိုင်ငံသို့ ပညာတော်သင်စေလွှတ်ခြင်းခံခဲ့ရသည်။ ၂၀၀၇ တွင် Automation & Intelligent Control ဘာသာရပ်ဖြင့် မဟာဘွဲ့ကို ထူးချွန်အဆင့် ရရှိအောင်မြင်ခဲ့ပြီး ပါရဂူဘွဲ့ ဆက်လက် သင်ကြားခွင့်ရရှိခဲ့သည်။ ၂၀၁၀ တွင် ပါရဂူဘွဲ့ရရှိခဲ့ပြီးနောက် ၂၀၁၅ တွင် ရုရှားနိုင်ငံ၏ အမြင့်ဆုံးဘွဲ့ဖြစ်သော Doctor of Sciences ဘွဲ့ကို မြန်မာနိုင်ငံသားများထဲမှ ပထမဆုံးရရှိသည်။ လက်ရှိတွင် တပ်မတော်၌ ပါမောက္ခ ဒုတိယဗိုလ်မှူးကြီး ရာထူးဖြင့် သင်ကြားရေးနှင့် သုတေသနလုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိသည်။ ရုရှားဘာသာ၊ အင်္ဂလိပ်ဘာသာများဖြင့် ပညာရပ်ဆိုင်ရာ အထူးပြုဆောင်းပါးပေါင်း ၅၀ ကျော် ရေးသားထားပြီးဖြစ်သည်။

အာကာလင်း၊ ဓာတ်ပုံ - တင်စိုး