Skip to main content

ကျောက်ခက်ပန်း သို့မဟုတ် ဒေသပန်း

ဘားအံမြို့ အနီးဝန်းကျင်ရှိ ထုံးကျောက်တောင်များတွင် ယခုရက်ပိုင်းအတွင်း ကျောက်ခက် ပန်းများစပေါ်လာပြီး ဈေးများတွင် ရောင်းချနေကြောင်းသိရသည်။ ကရင်လူမျိုးများအနေဖြင့် အဆိုပါ ကျောက်ခက်ပန်းကို လုံဖော့ဟုလည်း ခေါ်ကြသည်။ ကျောက်ခက်ပန်းများသည် ဘားအံမြို့ ဇွဲကပင်တောင်နှင့် အခြားထုံးကျောက်‌တောင်များ၌ ဆောင်းဦးကာလတွင် သဘာဝအတိုင်း ပေါ်ပေါက်လာသော ပန်းတစ်မျိုးဖြစ်သည့်အပြင် ဘားအံမြို့နယ်အတွင်း ထုံးကျောက်တောင်ပေါင်းတစ်ရာကျော်ခန့်ရှိပြီး အဆိုပါကျောက်ခက်ပန်းများသည် ထုံးကျောက်တောင်များတွင်သာ ပေါက်လေ့ရှိပြီး ဘားအံဒေသကလွဲ၍ အခြားဒေသများတွင် ကျောက်ခက်ပန်းများကို တွေ့ရန်ခက်ခဲလှပါသည်။

ကျောက်ခက်ပန်းများသည် ဘုရားပန်းထိုးလျှင် အနည်းဆုံး ၁၅ ရက်လောက်အထိ တာရှည်ခံပါသည်။ ဘားအံမြို့ပေါ်ရှိဈေးများတွင် ကျောက်ခက်ပန်းများကို အစည်းကြီး(၁)စည်းလျှင် ၂၀၀၀ ကျပ် အစည်းသေး(၁)စည်းလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ယခုလိုရာသီတွင် ဒေသခံပြည်သူများအနေဖြင့် ကျောက်ခက်ပန်းခူးထွက်ခြင်း၊ ဈေးတွင်အလွယ်တကူဝယ်ယူ၍ ဘုရားပန်းအဖြစ် ကပ်လှူပူဇော်ကြသော ပန်းတစ်မျိုးဖြစ်ကြောင်း သိရသည်။

ထုံးကျောက်တောင်များပေါ်တွင်သာ ပေါက်လေ့ရှိသည့်ကျောက်ခက်ပန်းများသည် တောင်များပေါ်မူတည်၍ အရောင်ကွဲတတ်ကြသေးသည်။ ယခုလိုအချိန်တွင် ဇွဲကပင်တောင်တက်ပါက ‌တောင်နံရံများ၌ ကျောက်ခက်ပန်းများကိုတွေ့ရှိရပြီး ဆောင်းရာသီကုန်ချိန်တွင် ကျောက်ခက်ပန်းများ နွမ်းခြောက်ကုန်ပါသည်။ ယခုလိုကျောက်ခက်ပန်းပေါ်ချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ကျောက်တောင်ကြီးများပေါ်၌ သဘာဝအတိုင်း လှချင်တိုင်းလှနေသော ကျောက်ခက်ပန်း သို့မဟုတ် ဒေသပန်းများကို လှပစွာမြင်တွေ့ရလျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ကရင်)