နေပြည်တော် နိုဝင်ဘာ ၂၇
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီကျန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အစိုးရဥက္ကဋ္ဌ Mr. YAN JINHAI ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ JASMINE NAYPYITAW ဟိုတယ်၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ တရုတ်ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု၊ Visa on Arrival ခွင့်ပြုပေးထားမှု၊ တရုတ်နိုင်ငံရှိမီဒီယာများ၊ Influencer များ၊ Blogger များ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများပါဝင်သော ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip-FAM Trip) စီစဉ်ဆောင်ရွက်နေမှု၊ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်နေမှု၊ ခရီးသွားမြှင့်တင်ရေးဆိုင်ရာဆောင်ရွက်နေမှု၊ ရှီကျန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနှင့် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ ခရီးသွားများ အပြန်အလှန်သွားလာလည်ပတ်ရေးနှင့် ဘုရားဖူးခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၌ လာရောက်ရင်းနှီးမြှုပ်နှံရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီကျန့်ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသအစိုးရဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း နေပြည်တော်ရှိ ခရီးသွားဆွဲဆောင်ရာနေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီကျန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနှင့် မြန်မာနိုင်ငံအကြား ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ်ဖြင့် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်