ဦးသန်းကျော် (စိန်နားပန်မီးပုံးပျံအဖွဲ့ခေါင်းဆောင်)
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်၌ နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းမှစတင်၍ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိပြီး ယနေ့တန်ဆောင်မုန်းလပြည့်နေ့တွင်လည်း အထူးစည်ကားလျက်ရှိသည်။
အဆိုပါပွဲတော်တွင် ဆီမီး ၉၀၀၀ ကပ်လှူပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များရွတ်ဆိုခြင်း၊ မီးရှူးမီးပန်းများပစ်လွှတ်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများလွှတ်တင်ခြင်း၊ နာမည်ကျော်တေးသံရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်၍လည်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်း စသည့်အစီအစဉ်ကောင်းများဖြင့် ကျင်းပပေးလျက်ရှိရာပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ကုသိုလ်ယူလာရောက်ဆင်နွှဲကြသည့် ဘုရားဖူးလာပြည်သူများ၏ ဝမ်းသာပီတိစကားသံများကို မေးမြန်းရေးသားဖော်ပြလိုက်ပါသည်။
ဒေါ်အေးအေးသန့် (နေပြည်တော်)
မာရဝိဇယဘုရားကြီးကို ဒီအကြိမ်ရောအပါအဝင်ဆိုရင် ခြောက်ကြိမ်မြောက်ရှိပါပြီ။ နိုဝင်ဘာ ၂၅၊ ၂၆ ရက်တွေက ရုပ်မြင်သံကြားသတင်းတွေကနေ ဖူးမြော်ပါတယ်။ ဓမ္မစကြာဝတ်ရွတ်အသင်းတွေ ဝတ်ရွတ်နေကြတာတွေ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်တာတွေ၊ စိန်နားပန် မီးပုံးပျံကြီးတွေလွှတ်တင်တာတွေကို ရုပ်မြင်သံကြားမှာ ဖူးမြော်ရတာအားမရနိုင်တဲ့အတွက် တန်ဆောင်မုန်းလပြည့် ဒီနေ့မှာတော့ ကိုယ်တိုင်လာရောက်ဖူးမြော်တာဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီးတည်ထားပေးတဲ့ ဦးဆောင်ဘုရား ဒကာနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း ကျန်းမာချမ်းသာပါစေ အသက်ရာကျော်ရှည်ပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။
ဦးအောင်မြင့်(တောင်တွင်းကြီးမြို့နယ်)
မာရဝိဇယဘုရားကြီးကို ဒုတိယအကြိမ်အနေနဲ့ အသက် ၇၀ ကျော် ညီအကိုနှစ်ယောက်တည်း လာရောက်ဖူးမြော်တာဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့ မနက်ကတည်းကနေ ရောက်ရှိဖူးမြော်တာဖြစ်ပါတယ်။ ညပိုင်းဆီမီး ၉၀၀၀ ပူဇော်တာတွေ၊ စိန်နားပန် မီးပုံးပျံလွတ်တင်တာတွေ၊ မီးရှူးမီးပန်း ပစ်ဖောက်ပူဇော်တာတွေ ပြီးတဲ့အထိ ဖူးမြော်ကြည်ညိုမှာဖြစ်ပါတယ်။
ကိုမြင့်ခိုင် (မလှိုင်မြို့နယ်)
မာရဝိဇယဘုရားကြီးအား တန်ဆောင်မုန်းလပြည့်နေ့မှာ ဖူးမြော်ဖို့ရယ်၊ ကျွန်တော့်သင်တန်းက သင်တန်းသား သင်တန်းသူတွေကို ဖူးမြော်စေချင်တဲ့ဆန္ဒကြောင့် လိုက်ပါပို့ဆောင်တာဖြစ်ပါတယ်။ ဘုရားကြီးကို ဖူးမြော်ဖို့စိတ်ကူးကအမြဲရှိပေမယ့် အလုပ်တွေမအားလပ်တာကြောင့် ဒီနေ့မှပဲ လာရောက်ဖူးမြော်ဖြစ်ပါတယ်။ တန်ဆောင်တိုင်မီးထွန်းပွဲတော်မှာ ဈေးဆိုင်ခန်းတွေ၊ ကလေးတွေဆော့ကစားဖို့ကစားကွင်းတွေနဲ့ ကြက်ပျံမကျစည်ကားနေတာကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်ရတဲ့ ပီတိဟာလည်းကုသိုလ်ရပါတယ်။ ဘုရားကြီးကို လာရောက်ဖူးမြော်ရတဲ့အခါ အွန်လိုင်းပေါ်မှာဖူးရတာနဲ့ တော်တော်လေးကွာခြားပါတယ်။ ကြည်ညိုသဒ္ဓါပွားတဲ့စိတ်တွေက အတိုင်းမသိအောင်ဖြစ်မိပါတယ်။ မြန်မာမှုလက်ရာတွေ အများအပြားလည်း တွေ့ရပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ဦးဆောင်ဘုရားဒကာကြီး နိုင်ငံတော်ဝန်ကြီးချုပ်တည်ထားပေးတဲ့ ကမ္ဘာပေါ်ရှိ အကြီးဆုံးစကျင်ဗုဒ္ဓရုပ်ပွားတော်ကြီးကိုဖူးမြော်ပြီး နိုင်ငံသူနိုင်ငံသားတွေ ကျန်းမာကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။
ဦးသန်းကျော် (စိန်နားပန်မီးပုံးပျံအဖွဲ့ခေါင်းဆောင်)
မာရဝိဇယဘုရားကြီးကို မီးပုံးပျံတွေနဲ့ပူဇော်ဖို့အတွက် တောင်ကြီးမြို့ကနေလာတာဖြစ်ပါတယ်။ ကျွန်တော့်အဖွဲ့က ၂၅ ယောက်၊ စိန်နားပန်အဖွဲ့က ၈၀ ပါပါတယ်။ စိန်နပန်မီးပုံးပျံ ၁၁ လုံး တာဝန်ယူထားပါတယ်။ ဒီညမှာ ငါးလုံးလွတ်တင်ပူဇော်မှာဖြစ်ပါတယ်။ ကျွန်တော်တို့က ရာသီဥတုကိုချိန်ပြီး လွှတ်တင်ရပါတယ်။ မီးပုံးပျံခေါင်အဝိုင်းက ၁၈ ပေ၊ နံထောင်က ၁၇ ပေခွဲ။ မီးစာကငါးပေခွဲ၊ မှိုင်းမီးစာက မီးပုံးပျံတစ်လုံးကို ငါးချောင်းထိုးရပါတယ်။ မီးစာကို ခရုဆီနဲ့လုပ်ထား တာဖြစ်ပါတယ်။ မီးစာတစ်ချောင်းကိုရှစ်ပိဿာရှိပါတယ်။ ဘုရားဖူးလာရဟန်းရှင်လူပြည်သူများ ထောင်သောင်းချီပြီး လာရောက်ဖူးမြော်တာမြင်ရတော့ ကျွန်တော်တို့အနေနဲ့ ပါဝင်အားဖြည့် ပူဇော်ရတာဝမ်းသာပီတိဖြစ်မိပါတယ်။ လာမယ့်နှစ်မှာလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားပူဇော်သွားပါမယ်။
မောင်မျိုးကို (ရန်ကုန်မြို့)
မာရဝိဇယဘုရားကြီးကို (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ နေပြည်တော်ကိုရောက်ရှိစဉ်က နှစ်ခါဖူးမြော်ကြည်ညို ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၆ ရက်နဲ့ဒီနေ့ ၂၇ ရက်မှာလည်း နှစ်ကြိမ်ဆိုတော့ ဘုရားကြီးကို လာရောက်ဖူးမြော်တာ အားလုံးပေါင်း လေးကြိမ်ရှိပါပြီ။ ဘယ်နှကြိမ်ပဲ ဖူးမြော်ဖူးမြော် ဖူးမြော်ကြည်ညိုလို့မဝနိုင်ပါဘူး။ နောက်လည်း လာရောက်ဖူးမြော်ကြည်ညိုဦးမှာဖြစ်ပါတယ်။ ဘုရားကြီးကိုတည်ထားပေးတဲ့ ဦးဆောင်ဘုရားဒကာကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ ပြည်သူတွေစည်စည်ကားကားနဲ့ လာရောက်ဖူးမြော်တာမြင်ရတာလည်း ဝမ်းသာပီတိဖြစ်မိပါတယ်။
မနန်းလုံးကြည် (ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်)
မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့စုပေါင်းပြီး မာရဝိဇယဘုရားကြီးကို ဒုတိယအကြိမ် လာရောက်ဖူးမြော်တာဖြစ်ပါတယ်။ ဝတ်ရွတ်အသင်းတွေ ဝတ်ရွတ်တာတွေ၊ ဆီမီး ၉၀၀၀ ကပ်လှူပူဇော်တာတွေ၊ ဘုရားကြီးကိုမီးပုံးပျံတွေနဲ့ ပူဇော်တာကို မျက်ဝါးထင်ထင်တွေ့ရတဲ့ ရဟန်းရှင်လူပြည်သူတွေအနေနဲ့ နတ်ပြည်လို့တောင်ထင်မှတ်နိုင်ပါတယ်။ မာရဝိဇယဘုရားကြီး တန်ဆောင်တိုင် မီးထွန်းပူဇော်ပွဲကြီး ခမ်းခမ်းနားနား ကျင်းပတာတွေကိုလည်း ကျွန်မတို့ဒေသက မိတ်ဆွေသူငယ်ချင်းတွေကို သတင်းစကားပါးပြီး ပြောပြမှာဖြစ်ပါတယ်။ လူကိုယ်တိုင်လာရောက်ဖူးမြော်ဖို့လည်း တိုက်တွန်းနှိုးဆော်သွားပါမယ်။
မောင်ကျော်စိုးဦး ၊ မအိမွန်ခိုင် နေပြည်တော် သားဖွားသင်တန်းကျောင်း
မီးပုံးပျံတွေ လွှတ်တင်ပူဇော်ဖို့အတွက် ပါဝင်အားဖြည့်တာဖြစ်ပါတယ်။ နေပြည်တော် သားဖွားသင်တန်းကျောင်းက သင်တန်းသား သင်တန်းသူ ၁၅၀ နဲ့ မာရဝိဇယဘုရားကြီးအား မီးပုံးပျံတွေ လွှတ်တင်ပူဇော်တာဖြစ်ပါတယ်။ နိုဝင်ဘာ ၂၅၊ ၂၆၊ ဒီနေ့လပြည့်နေ့ ၂၇ ရက်အထိ သုံးရက်တိုင်တိုင် ကျွန်မတို့သားဖွား သင်တန်းကျောင်းက သင်တန်းသား သင်တန်းသူတွေနဲ့ ကိုယ်တိုင်ပါဝင်ပူဇော်ခွင့်ရတာလည်း ကုသိုလ်ကံကောင်းတဲ့ အတွက် ပါဝင်ပူဇော်ဖူးမြော်နိုင်တာဖြစ်ပါတယ်။ ဘုရားကြီးကို လာရောက်ဖူးမြော်ကြတဲ့ မိသားစုတွေ ၊ ကလေးတွေကလည်း ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေတဲ့ အရောင်းပြခန်းတွေနဲ့ ကလေးကစားကွင်းနေရာတွေမှာလည်း ဈေးဝယ်သူကဝယ်၊ ပျော်ပျော်ပါးပါးဆော့ကစားနေကြတဲ့ ကလေးတွေက ကစားနဲ့တွေ့မြင်ရတာလည်း စိတ်ချမ်းမြေ့ဖွယ်တွေ့ရပါတယ်။
တွေ့ဆုံမေးမြန်း-ဟိန်းထက်ဇော်(မြန်မာ့အလင်း)
ဓာတ်ပုံ - အိမ့်ဘီလီယံမောင်
