Skip to main content

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၂၇

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် လေးအိမ်စုကျေးရွာ ဆိပ်ကမ်းသို့ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာရှိ စတုဘုမ္မိက မဟာသတိပဋ္ဌာန်ကျောင်းတိုက်၌အခြေပြု၍ မအူပင်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၆၈၀ အား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၁၇၀၊ ခွဲစိတ်ရောဂါ ၂၆ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၃ ဦး၊ ကလေးရောဂါ ၄၇ ဦး၊ အရိုးရောဂါ ၁၃၀၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၉ ဦး၊ မျက်စိရောဂါ ၂၁၂ ဦးနှင့် သွားရောဂါ ၆၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာလေးဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၀ တို့ကို ရောဂါရှာဖွေစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူတစ်ဦးကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ လာရောက်ဆေးကုသမှုခံယူကြသော ဒေသခံပြည်သူများအား နေ့လယ်စာထမင်းဘူးများ ပေးဝေလှူဒါန်းသည်။

ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလို ကြားသိခဲ့ရသည်။

ဒေါ်နော်အဲလစ်

ဒူးတွေ၊ ခြေသလုံး၊ ခြေဖဝါးတွေ ကျဉ်ပြီးတော့ကိုက်တာ၊ ပြီးတော့ကျွန်မလမ်းလျှောက်လို့ သိပ်အဆင်မပြေဘူး။ လမ်းလျှောက်လို့ အဆင်မပြေတာ ကျွန်မခဏခဏဖြစ်တယ်။ ဒီလိုပဲဆေးလေးသောက်ပြီးလာတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀ ရက်နေ့လောက်က တစ်ခေါက်ပြလိုက်တယ်။ ပြပြီးတော့ ဒီလိုပဲကိုက်နေတယ်ဆိုပြီးတော့ ကျွန်မမပြဘဲနေနေတာ။ အဲဒါ ကျွန်မတို့ရဲ့ကလေးတွေ ဘုရားရှိခိုးပြီး ပြန်မယ်လုပ်တော့ ကူးတို့ကူးခါနီးမှာ နယ်လှည့်ဆေးကုသအဖွဲ့လာတယ်ဆိုပြီး သိရပါတယ်။ အဲဒါနဲ့ အမိုးက နင်ဒီလောက်ဖြစ်နေတာ သွားပြလိုက်ပါဆိုတော့ ကျွန်မလည်းထွက်တာဖြစ်ပါတယ်။ အခုလိုလာရောက် ကုသပေးတဲ့အတွက် ကျွန်မဝမ်းလည်းသာပါတယ်။ တောရွာတွေဆိုတော့ တော်ရုံတန်ရုံ မသွားနိုင်တဲ့သူတွေလည်း အဆင်ပြေတယ်။ ဒီမှာ ပရဟိတလာကုပေးတဲ့အတွက်လည်း ကျွန်မတို့ကလာပြဖြစ်တယ်။ ဆေးရုံဆေးခန်းရှိလည်း တော်ရုံတန်ရုံဆို မသွားကြ၊ မလာကြတဲ့ သူတွေလည်းရှိတယ်။ ကုသပေးတဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့ကို အများကြီးကျေးဇူးတင်ပါတယ်။ လူထုကျန်းမာရေးအတွက် ဝိုင်းဝန်းစောင့်ရှောက်ပေးတဲ့အတွက်လည်း တပ်မတော်ကြီးနှင့်တကွ ဆရာဝန်များ၊ ဆရာ၊ ဆရာမများနဲ့ ပရဟိတအဖွဲ့များကိုလည်း အထူးပဲကျေးဇူးတင်တယ်ဆိုတဲ့အကြောင်း ပြောလိုပါတယ်။

သတင်းစဉ်