Skip to main content

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ကမ်းရိုးတန်းဒေသတို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပြီး ပြန်လည်ရောက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၇

တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာတို့ရှိ ဒေသခံပြည်သူများအား နိုဝင်ဘာ ၂ ရက်မှ ၂၅ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား(သီလဝါ) သို့ ပြန်လည်ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ခဲ့

အဆိုပါ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)မှ အထူးကုဆေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ရှိ ကျုံကူးကျေးရွာ၊ ချောင်းဝရွာ၊ တောင်ကလေးကျေးရွာ၊ လပွတ္တာမြို့နယ်ရှိ တူးမြောင်းကျေးရွာ၊ ဟိုင်းကြီးကျွန်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ရခိုင်ကမ်းရိုးတန်းဒေသများဖြစ်သော တောင်ကုတ်ခရိုင် မာန်အောင်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ သံတွဲမြို့၊ မောင်ရွှေလေးကျေးရွာ၊ ကွင်းဝိုင်းကျေးရွာနှင့် အနီးတစ်ဝိုက်ဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဆောင်ရွက်ပေးမှုအနေဖြင့် ဆေးကုသမှုဆိုင်ရာရောဂါ ၅၂၁၉ ဦး၊ ခွဲစိတ်ရောဂါ ၁၀၁၆ ဦး၊ သားဖွား/မီးယပ် ရောဂါ ၆၅၆ ဦး၊ ကလေးရောဂါ ၈၀၉ ဦး၊ အရိုးရောဂါ ၁၉၄၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ ၉၄၁ ဦး၊ မျက်စိရောဂါ ၃၁၇၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၃၃၄ ဦး စုစုပေါင်းဒေသခံပြည်သူ ၁၅၀၉၃ ဦးတို့ကို လိုအပ်သည့်ဆေးဝါး ကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် မျက်စိခွဲစိတ်လူနာ ၁၂၆ ဦးနှင့် အထွေထွေခွဲစိတ်လူနာ ၁၉၇ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၂၉၆ ဦး၊ အာထရာဆောင်းရိုက်လူနာ ၇၈၆ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၈၀၆ ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၃၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံလွှဲပြောင်းကုသရန်လိုအပ်သူ ၆၈ ဦးကိုလည်း သက်ဆိုင်ရာမြို့နယ်များရှိ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ကာ ဆေးရုံရေယာဉ်ပေါ်ရှိသားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင်သုံးဦးအား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။

ဂုဏ်ပြုလက်ဆောင်ပစ္စည်းများပေးအပ်

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ပြန်လည်ရောက်ရှိလာသည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့ဝင်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဂုဏ်ပြုပေးအပ်ချီးမြှင့်သော လက်ဆောင်ပစ္စည်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ဗိုလ်ချုပ်ထိန်ဝင်းကပေးအပ်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယခုခရီးစဉ်သည် (၁၇)ကြိမ်မြောက်ဖြစ်ပြီး ဒေသခံပြည်သူစုစုပေါင်း ၁၅၇၀၈၇ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် ၂၁ ဦးတို့အား အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်