Skip to main content

နိုင်ငံပေါင်း ၁၃ နိုင်ငံယှဉ်ပြိုင်သည့် Global Firefighters and Paramedics Challenge (SGFPC) 2023 ပြိုင်ပွဲ၌ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က နိုင်ငံပေါင်းစုံ အဖွဲ့လိုက်အသက်ကယ်စွမ်းရည်ပြပြိုင်ပွဲတွင် ပထမဆုနှင့် တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲ၌ တတိယဆုဆွတ်ခူး၍ နိုင်ငံဂုဏ်ကိုမြှင့်တင်စွမ်းဆောင်နိုင်ခဲ့

ရန်ကုန် နိုဝင်ဘာ ၂၇

စင်ကာပူနိုင်ငံမြို့ပြကာကွယ်ရေးတပ်ဖွဲ့(Singapore Civil Defence Force – SCDF)က နိုဝင်ဘာ ၂၀ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး အိမ်ရှင်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ အသင်း ၁၆ သင်း ယှဉ်ပြိုင်ခဲ့သော နိုင်ငံတကာအဆင့် မီးသတ်စွမ်းရည်ပြိုင်ပွဲ Singapore – Global Firefighters and Paramedics Challenge (SGFPC) 2023 မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ နိုင်ငံပေါင်းစုံအဖွဲ့လိုက် အသက်ကယ်စွမ်းရည်ပြပြိုင်ပွဲတွင် ပထမချန်ပီယံဆုနှင့် တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲ၌ တတိယဆုကိုရရှိခဲ့၍ နိုင်ငံဂုဏ်ကို မြှင့်တင်စွမ်းဆောင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲ၌ နိုင်ငံတကာမီးသတ်တပ်ဖွဲ့ဝင် ၂၆ ဦး ယှဉ်ပြိုင်ခဲ့ရာ နောက်ဆုံးဆန်ခါတင်လေးဦးတွင် မြန်မာနိုင်ငံမှ တစ်ဦးပါဝင်ခဲ့ပြီး နိုဝင်ဘာ ၂၅ ရက် နောက်ဆုံးပြိုင်ပွဲ၌ ဩစတြေးလျ၊ စင်ကာပူ၊ မြန်မာနှင့် မလေးရှားနိုင်ငံတို့မှ မီးသတ်တပ်ဖွဲ့ဝင်လေးဦးတို့ ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံမှ မီးသတ်တပ်ကြပ်ကြီး ထွန်းနေဝင်းက တစ်ဦးချင်းစွမ်းရည် တတိယဆုကို ဆွတ်ခူးရရှိခဲ့သည်။ ထို့ပြင် နိုင်ငံပေါင်း ၁၃နိုင်ငံမှတစ်ဖွဲ့ လျှင်အဖွဲ့ဝင် ၁၂ ဦးဖြင့် လေးဖွဲ့ခွဲ၍ အသက်ကယ်စွမ်းရည်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မီးသတ်တပ်ဖွဲ့ဝင်သုံးဦးဖြစ်သည့် လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းမြတ်နောင်၊ လက်ထောက်ဦးစီးမှူး ကျော်နိုင်ထွန်းနှင့်တပ်ကြပ်ကြီး ထွန်းနေဝင်းတို့ပါဝင်သော “Charlie Group” နိုင်ငံတကာမီးသတ်အဖွဲ့သည် ပထမဆုကို ဆွတ်ခူးရရှိခဲ့သည်။

ယခုပြိုင်ပွဲများသည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ၇၇ နှစ်တာ ကာလတွင်ပြည်ပသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ပထမဆုံးအတွေ့အကြုံရရှိခဲ့သော ပြိုင်ပွဲတစ်ခုလည်းဖြစ်ကြောင်း သိရသည်။

ပြည်ပနိုင်ငံများမှ ဖိတ်ခေါ်ပြိုင်ပွဲများသို့ ပါဝင်တက်ရောက်ခြင်းဖြင့် မီးဘေးနှင့်သဘာဝဘေးအန္တရာယ်အပါအဝင် အခြားရုတ်တရက်ဖြစ်ပွားသော အန္တရာယ်များတွင် မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာမှ မီးသတ်တပ်ဖွဲ့များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တို့အကြား အသိပညာဗဟုသုတများနှင့် ကျွမ်းကျင်မှုများဖလှယ်နိုင်ခြင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အသုံးပြုလျက်ရှိသော မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းသုံးခေတ်မီပစ္စည်းကိရိယာများကို လေ့လာနိုင်ခြင်း၊ ဒေသတွင်းမီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးတက်ခိုင်မာလာစေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေမည့်အပြင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများတွင်လည်း အထောက်အကူရရှိစေမည်ဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံ မြို့ပြကာကွယ်ရေးတပ်ဖွဲ့(Singa-pore Civil Defence Force – SCDF)က ဦးဆောင်ကျင်းပသည့် Singapore – Global Firefighters and Paramedics Challenge (SGFPC) 2023 ပြိုင်ပွဲတွင် ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တရုတ် - ဟောင်ကောင်၊ မြန်မာ၊ ဩစတြေးလျ၊ မကာအို၊ လူဇင်ဘတ်၊ ဗီယက်နမ်၊ အီကွေဒေါနှင့် ယူကေနိုင်ငံတို့မှ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံ တက်ရောက်ခဲ့ကာ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည့် ယမန်နေ့ည ၁၀ နာရီ ၃၈ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ မီးသတ်ဦးစီးဌာနနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။

ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး