နေပြည်တော် နိုဝင်ဘာ ၂၇
တန်ဆောင်မုန်းလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ တန်ဆောင်တိုင်ပွဲတော်သည်လည်း မြန်မာ့ယဉ်ကျေးမှုဓလေ့နှင့် မြန်မာတို့၏စိတ်ရင်းကို ဖော်ညွှန်းပြသနေသည့် မြန်မာ့ ၁၂ လရာသီ ပွဲတော်များအနက် အထင်ရှားဆုံးပွဲတော်တစ်ခုဖြစ်သည်။
နေပြည်တော်(တပ်ကုန်း)ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင်လည်း တန်ဆောင်တိုင်ပွဲတော်ကို ယမန်နေ့ညနေပိုင်းမှစတင်၍ ယနေ့တန်ဆောင်မုန်းလပြည့်နေ့အထိ ကျင်းပရာ ရှေးဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝင်းအတွင်းရှိ မဟာဗောဓိအောင်မြေကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်သည့် ဗုဒ္ဓရုပ်ပွားတော်(၈)ဆူနှင့် မဟာဗောဓိပင်အား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝတ်ရွတ်အဖွဲ့က ပဋ္ဌာန်းဒေသနာတော်ဖြင့် ရွတ်ဖတ်ပူဇော်ပြီး ဝန်ထမ်းမိသားစုများက ဆီမီးတစ်ထောင်ဖြင့် ထွန်းညှိပူဇော်ကြသည်။
ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းမိသားစုများ၏ တန်ဆောင်တိုင်ပွဲတော်ကို MRTV ပန်းခြံတွင်ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့်အတူ MRTV သို့ လာရောက်လေ့လာကြသည့် တရုတ်နိုင်ငံ All China Youth Federation မှ Mr. Zhou Xiaoping ဦးဆောင်သည့် အဖွဲ့တို့သည် ထင်းမီးပုံအား စတင်ထွန်းညှိပြီး ပွဲတော်အား ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဝန်ထမ်းများနှင့် မိသားစုများစုပေါင်း၍ မီးပုံးပျံများ လွှတ်တင်ပူဇော်မှုနှင့်အတူ မီးရှူး မီးပန်းများပစ်ဖောက်ကြသည်။
ပွဲတော်တွင် နိဗ္ဗာန်စျေးလည်းထည့်သွင်းကျင်းပရာ ဧည့်သည်တော်များနှင့် ဝန်ထမ်းများအားကံစမ်းမဲဖောက်၍ ပေါက်မဲပစ္စည်းများ ဝေငှလှူဒါန်းခြင်း၊ ပွဲစျေးတန်းတွင် ပျော်ရွှင်ဖွယ်ကစားနည်းများ ထည့်သွင်းကျင်းပခြင်း၊ တိုင်းရင်းသားရိုးရာအစားအစာဆိုင်များ ဖွင့်လှစ်ရောင်းချခြင်း၊ ဝန်ထမ်းများနှင့် မိသားစုများအား မဲဇလီဖူးသုပ်နှင့် လက်ဖက်ထမင်းကို ငါးနီတူ၊ မြေပဲတို့ဖြင့် စတုဒိသာကျွေးမွေးခြင်းတို့ဖြင့် စီစဉ်ကျင်းပရာ ဧည့်သည်တော်များနှင့်အတူ ဝန်ထမ်းများနှင့် မိသားစုများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
ယင်းနောက် MRTV ခေတ်ပေါ်တီးဝိုင်း၏ တီးခတ်မှုနှင့်အတူ ဧည့်သည်တော်များနှင့် ဝန်ထမ်းများက သီဆိုဖျော်ဖြေခြင်း၊ ဆက်လက်၍ ဝန်ထမ်းများ တစ်ဦးချင်းတေးသီချင်းသီဆို ယှဉ်ပြိုင်ကြပြီး ဆုချီးမြှင့်ခြင်းတို့ဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းမိသားစုများ၏ တန်ဆောင်တိုင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
သတင်းစဉ်