Skip to main content

စက္ကူပျော့ဖတ်၊ ကြိမ်၊ ဝါးနှင့် သစ်အခြေခံ MSME များ ယခုထက်ပို၍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကိုဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးမည်

နေပြည်တော် နိုဝင်ဘာ ၂၇

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းရုံးများသို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက္ကူပျော့ဖတ်လုပ်ငန်းရှင်များ၊ ဝါးနှင့်ကြိမ်လုပ်ငန်းရှင်များ၊ ပရိဘောဂလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စက္ကူပျော့ဖတ်၊ ကြိမ်၊ ဝါးနှင့် သစ်အခြေခံ MSME များ ယခုထက်ပို၍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝတောများမှ နှစ်စဉ်ထုတ်လုပ်နိုင်သော ဝါးတောထွက် ၂၄ သန်း ကျော်ရှိသည့်အတွက် စက္ကူပျော့ဖတ်လုပ်ငန်းရှင်များနှင့် ဝါးလုပ်ငန်းရှင်များအတွက် လိုအပ်သောကုန်ကြမ်းများ လုံလောက်စွာရရှိနိုင်ပြီး လိုအပ်ပါက ဝါးနှင့် ကြီးမြန်သစ်မျိုး စိုက်ခင်းများတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကြိမ်၊ ဝါးနှင့် သစ်အခြေခံစက်မှုလုပ်ငန်းများသည် ပြည်တွင်း/ပြည်ပဝင်ငွေရှာဖွေရေးနှင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေကြောင်း၊ အဆိုပါပုဂ္ဂလိကလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာနှင့်လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရေး၊ ကုန်ကြမ်းရရှိရေးနှင့် ထုတ်လုပ်ပြီးသော ကုန်ချောများတင်ပို့ရာတွင် အဆင်ပြေချောမွေ့မှုရှိစေရေးအတွက် ဌာနနှင့်လုပ်ငန်းရှင်များ ညှိနှိုင်းပေါင်းစပ်၍ Teamwork ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာသောလုပ်ငန်းရှင်များက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု၊ ကုန်ကြမ်းရရှိမှုနှင့် ကုန်ချောထုတ်လုပ်မှု၊ ပြည်တွင်းပြည်ပဝယ်လိုအားနှင့် စျေးကွက်အခြေအနေ၊ တွေ့ကြုံရသောအခက်အခဲများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ ဖြည့်စွက်ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးမြို့ရှိ ဦးဝင်းနိုင် ပန်းပုအလုပ်ရုံသို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ ပဲခူးမြို့ရှိ ဒေါ်စုစုယဉ် လက်မှုပညာအလုပ်ရုံသို့ရောက်ရှိပြီး ကုန်ကြမ်းရရှိမှုနှင့် ကုန်ချောထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့နယ်ရှိ ရော်ဘာသစ်မှ ပရိဘောဂအချောထည်များ ထုတ်လုပ်၍ ပြည်ပသို့တင်ပို့လျက်ရှိသည့် Sunforce Furniture စက်ရုံသို့သွားရောက်၍ ကုန်ကြမ်းရရှိမှုနှင့် ပရိဘောဂကုန်ချောများ ထုတ်လုပ်နေမှု၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် အေးသုခစက်မှုဇုန်ရှိ Sky Light တစ်ရှူးစက်ရုံ၌ Recycle Paper များကို ကုန်ကြမ်းအဖြစ်အသုံးပြု၍ တစ်ရှူးထုတ်လုပ်နေမှုနှင့် ပြည်တွင်းစျေးကွက်သို့ ဖြန့်ဖြူးနေမှု၊ အေးသုခစက်မှုဇုန်ရှိ Yangon Paper Product စက္ကူစက်ရုံ၌ Recycle Paper ကုန်ကြမ်းရရှိမှု၊ စက္ကူကတ်ထူလိပ်ကုန်ချောများ ထုတ်လုပ်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သိလိုသည်များ မေးမြန်းကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်