ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့ အခါသမယမှာ နိုင်ငံသူနိုင်ငံသားအားလုံး ကျန်းမာ၊ ချမ်းသာ၊ ဘေးဘယာဝေးကွာပါစေလို့ ဆုမွန်ကောင်းပို့သအပ်ပါတယ်။ ဒီနေ့မှာတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိနေတဲ့ စစ်သင်္ဘောသုံးစင်းဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်ကိုရောက်ရှိခဲ့ပါတယ်။ အဲဒီစစ်သင်္ဘောအုပ်စုထဲမှာတော့ ဖျက်သင်္ဘော Destroyer အမျိုးအစားသင်္ဘောတစ်စင်း၊ Frigate အမျိုးအစား သင်္ဘောတစ်စင်းနဲ့ထောက်ပံ့ပို့ဆောင်ရေးယာဉ်တစ်စင်း စုစုပေါင်းသုံးစင်းပါခဲ့ပါတယ်။ စစ်သည်အင်အား ၇၀၀ ခန့် ပါရှိကြောင်းလည်း တွေ့ရှိရပါတယ်။ ရန်ကုန်မှာ ကျွန်တော်တို့ မြန်မာ့တပ်မတော်(ရေ)မှ အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်မြန်မာချစ်ကြည်ရေးအသင်းအဖွဲ့များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ သံရုံးနဲ့စစ်သံရုံးမှ တာဝန်ရှိသူများအနေနဲ့ လှိုက်လှဲစွာကြိုဆိုခဲ့ကြောင်း တွေ့ရပါတယ်။ မြန်မာနိုင်ငံအတွင်း မှာချစ်ကြည်ရေးခရီးလည်ပတ်မှု၊ လေ့လာမှုနှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများပြုလုပ်မှုများကို ပြုလုပ်သွားမှာဖြစ်ကြောင်း အသိပေးလိုပါတယ်။
မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံဟာ မနေ့ကကျွန်တော်ပြောခဲ့သလို မဟာဗျူဟာမိတ်ဖက်နိုင်ငံတွေဖြစ်ပါတယ်။ ဆွေမျိုးပေါက်ဖော်နိုင်ငံများဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ်ကိုလေးစားလိုက်နာပြီး နှစ်နိုင်ငံအစိုးရနဲ့တပ်မတော် နှစ်ရပ်အကြားမှာ ခိုင်မာတဲ့ချစ်ကြည်ရင်းနှီးမှုရှိတဲ့ နိုင်ငံတွေဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ဒီနေ့မှာတော့ နယ်စပ်ဒေသများမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့သူများကို ကျွန်တော်တို့ပြန်လည်အပ်နှံရာမှာ တရုတ်အမျိုးသား ၄၆၆ ဦး၊ အမျိုးသမီး ၈၇ ဦးပေါင်း ၅၅၃ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ အောက်တိုဘာ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ စုစုပေါင်းအမျိုးသား ၈၃၁၂ ဦး၊ အမျိုး သမီး ၈၈၂ ဦး ပေါင်း ၉၁၉၄ ဦးလွှဲပြောင်းပြီးဖြစ်ပါတယ်။ ဒီနေ့ နောက်ထပ်ထူးထူးခြားခြား သတင်းတစ်ခုကတော့ အမေရိကန်အစိုးရရဲ့ ကျောထောက်နောက်ခံပြုထားတဲ့ USIP(United State Institute of Peace) ဆိုတဲ့ အဖွဲ့အစည်းကနေ သူ့ရဲ့သုတေသနစာတမ်းများကိုအမှီပြုပြီးတော့ အနောက်နိုင်ငံမီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်နေတာမျိုးရှိပါတယ်။ အဓိကအချက်ကတော့ ဒီထဲမှာ ယခုလက်ရှိ မြန်မာနိုင်ငံဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့်မလို့ ဒီအခြေအနေများကို ပိုပြီးဆိုးရွားသွားအောင် သုံးသပ်တင်ပြ၊ ဦးတည်တင်ပြတာတွေပဲ လုပ်ဆောင်တာမျိုးဖြစ်ပါတယ်။
အရေးကြီးတဲ့သုံးသပ်ချက်ကတော့ လက်နက်စွဲကိုင်ပြီး ပဋိပက္ခဖြစ်အောင်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ ဒီအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဟာ စစ်ဘုရင်ဝါဒလိုဟာမျိုး ဖြစ်မှာမဟုတ်ဘူး။ ဓားပြဆန်ဆန်အဖွဲ့အစည်းမျိုးတွေဖြစ်မလာနိုင်ဘူး။ တစ်စုတစ်စည်း တည်းရှိတယ်ဆိုတဲ့ဟာမျိုးနဲ့ ပဋိပက္ခကြီးထွားလာအောင် မီးထိုးပေးတဲ့သဘောပဲဖြစ်ပါတယ်။ ဒါကဘာလဲဆိုတော့ မြန်မာနိုင်ငံအရေးကို ပေါ်ပေါ်ထင်ထင်ဝင်ရောက်စွက်ဖက် နှောင့်ယှက်လာတာဖြစ်ပါတယ်။ လုပ်လည်းလုပ်နေတာဖြစ်ပါတယ်။ ထပ်ပြီးတော့မှ လုပ်လာနိုင်တဲ့အရိပ်အယောင်မျိုးကိုပြသခြင်းဖြစ်ပါတယ်။ ဒီအနောက်နိုင်ငံများနဲ့ ဆက်စပ်အဖွဲ့များအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လာပြီး ပိုပြီးတော့ ဝင်ရောက်စွက်ဖက်နှောင့်ယှက်မယ့် အရိပ်အယောင်နဲ့ ပြသခြင်းဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့ လက်တွေ့သူတို့ ပြောတဲ့အတိုင်းမြေပြင်မှာဖြစ်နေခြင်းရှိမရှိပါပဲ။ လက်တွေ့လည်း မြင်နေရတာဖြစ်ပါတယ်။ သူတို့ပြောနေကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအတွင်းမှာပဲ သွေးကွဲမှုတွေရှိတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေအတွင်းမှာပဲ စစ်ကိုင်းဘက်မှာဆိုရင် အဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့မတည့်ဘဲနဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ခိုက်နေတာမျိုးတွေရှိတယ်။ NUG ၊ CRPH အမည်ခံအကြမ်းဖက်အဖွဲ့ကကိုပဲ တချို့သောလက်နက်ကိုင်အဖွဲ့တွေကို လက်မခံဘူးလို့ သူတို့ကိုယ်တိုင် ကြေညာခဲ့တာတွေရှိတယ်။ ပြည်သူလူထုအပေါ်မှာ အကြိမ်ကြိမ်သတ်ဖြတ်တာတွေ၊ လုယက်တာတွေ လုပ်နေတာတွေရှိတယ်။ တရားမဲ့ပြုကျင့်နေတာတွေရှိတယ်ဆိုတာ အားလုံးကိုမျက်ကွယ်ပြုပြီးမှ သုံးသပ်ခဲ့တဲ့ အချက်ပဲဖြစ်ပါတယ်။ စစ်ကိုင်းဘက်မှာဆိုရင် ဒီPDF အမည်ခံအကြမ်းဖက်အဖွဲ့တစ်ဖွဲ့ရဲ့ အမျိုးသမီးတစ်ယောက်ကို လပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ပြီး အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့တဲ့လုပ်ရပ် ဟိုးလေးတကြော်ကြော်ဖြစ်လာမှ အရေးယူမယ်ဆိုတဲ့ ပုံစံမျိုးပြောပြီးကာမှ ဘာမှအရေးမယူတဲ့အပြင် အဲဒီအဖွဲ့တွေကပါ လွတ်မြောက်သွားတဲ့ကိစ္စတွေ၊ တရားမဲ့ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်နေတဲ့ဟာတွေ၊ အမြင်မတူတဲ့ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ဟာတွေ၊ ဒါတွေဟာ လက်တွေ့တွေ့ရမှာဖြစ်ပါတယ်။
ဒါ့အပြင် ကျွန်တော်တို့ပြောပြီးဖြစ်ပါတယ်။ ဒီ MNDAA အကြမ်း ဖက်သောင်းကျန်းသူများရဲ့ လုပ်ရပ်တွေ၊ MNDAA အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ သမိုင်းကြောင်းတွေ ပြောပြီးဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ မူရင်းအခြေခံဇာစ်မြစ်ဟာ၊ စီးပွားရေးလုပ်ငန်းဟာ ဘိန်းမှောင်ခိုကူးခြင်းဖြစ်ပါတယ်။ ဘိန်းနဲ့ပတ်သက်ပြီးတော့မှ ဆောင်ရွက်တဲ့အဖွဲ့ဖြစ်ပါတယ်။ ထင်ရှားတဲ့သမိုင်းသာဓကတွေရှိပါတယ်။ ကိုးကန့်အမျိုးသမီးတစ်ဦးဖြစ်ခဲ့တဲ့ ကမ္ဘာမှာဘိန်းဘုရင်မလို့ နာမည်ကျော်ကြားခဲ့တဲ့သူသည် ဘယ်နယ်မြေကထွက်ခဲ့တာလဲ။ ဘယ်အမျိုးအနွယ်ကနေ လာခဲ့တာလဲဆိုတာ သမိုင်းအထင်အရှားရှိပြီးဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန် CIA ရဲ့ ဘိန်းပံ့ပိုးမှုနဲ့ပတ်သက်ပြီး ဒီကိုးကန့်ဘိန်းဘုရင်မဆိုတဲ့ အမျိုးသမီးကိုယ်တိုင်က ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာမှ ဒီနေရာမှာ ဗကပလွှမ်းမိုးလာပြီးတော့မှ သူတို့ပျောက်ကွယ်သွားတယ်။ ပြီးရင်ဗကပအနေနဲ့ ဘိန်းလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်တယ်။ ဆောင်ရွက်တဲ့နေရာမှာလည်း သူတို့ရဲ့လက်အောက်မှာရှိတဲ့ ဒီတိုင်းရင်းသားတွေကိုပဲ အသုံးပြုပြီး စေခိုင်းခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း ဗကပကွပ်ကဲမှုအောက်ကနေ လွတ်ပြီးတဲ့နောက်ပိုင်းမှာလည်း ဒီလုပ်ငန်းတွေကိုပဲ ဆက်လုပ်တာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကမှတစ်ဆင့် ငွေရလာတယ်။ အဲဒီကနေမှတစ်ဆင့် အဲဒီလုပ်ငန်းတွေကိုစောင့်ရှောက်ဖို့အတွက် လက်နက်ကိုင်အဖွဲ့အစည်းထူထောင်တယ်။ လက်နက်ကိုင်အဖွဲ့အစည်းထူထောင်တော့ ဒါ့ထက်တရားမဝင်လုပ်ငန်းတွေလုပ်ကိုင်ခွင့်ရတယ်။ ဒါတွေကိုစောင့်ရှောက်ဖို့အတွက် လက်နက်တွေ၊ ခဲယမ်းတွေဝယ်တယ်။ လက်နက်ကိုင်အဖွဲ့အစည်း ထပ်တိုးချဲ့တယ်။ ဒီဟာနဲ့တင် သံသရာလည်နေတာဖြစ်ပါတယ်။ ဒီလိုသမိုင်းကြောင်းတွေ၊ ဒီလိုထင်ရှားရှိတဲ့ဟာတွေကို မျက်ကွယ်ပြုပြီး အခုလိုသုံးသပ်ပြီး မီးထိုးပေးနေခြင်းသည် ဒီပဋိပက္ခမှာ အနောက်နိုင်ငံတွေနဲ့ အပေါင်းအပါများ ထဲထဲဝင်ဝင် ဝင်ရောက်ပတ်သက်နေပြီဆိုတာကိုသိနိုင်ကြောင်း အသိပေးပြောကြားလိုပါတယ်။ ဒါတွေကို ကျွန်တော်တို့ပြည်သူလူထုအားလုံး၊ အိမ်နီးချင်းနိုင်ငံများနဲ့အားလုံးက ဂရုစိုက်သတိပြုရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ထိတွေ့တိုက်ပွဲအနေနဲ့ မနေ့ညဘက်ကတော့ မူဆယ် ၁၀၅ မိုင်ဘက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာရှိပါတယ်။ တပ်မတော်အနေနဲ့ တိကျစွာနှိမ်နင်းခဲ့တဲ့အတွက် ဒီမနက်ပိုင်းမှာတော့ အဲဒီဘက်မှာ ထိတွေ့တိုက်ပွဲမရှိခဲ့ပါဘူး။ ရန်သူအနေနဲ့ အထိအခိုက်အကျ အဆုံးများစွာရှိတယ်ဆိုတာ သိရှိရပါတယ်။ ဒီကနေ့မှာတော့ ကုန်းကြမ်းဘက်မှာ Drop Bomb နဲ့ မြောက်မြားစွာချပြီး တိုက်ခိုက်ခဲ့တာရှိပါတယ်။ မုန်းစီးဘက်မှာလည်း Drop Bomb များချပြီး တိုက်ခိုက်ခဲ့တာရှိပါတယ်။ စီကောကို ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်ခဲ့တာရှိပါတယ်။ ကယားပြည်နယ်ဘက်မှာတော့ စစ်ရေးနဲ့မဆိုင်တဲ့နေရာတွေဖြစ်တဲ့ ကယားပြည်နယ် ယဉ်ကျေးမှုအဆောက်အဦ၊ အကျဉ်းထောင် ဒါတွေကို လာရောက်ပြီးတိုက်ခိုက်ခဲ့တာမျိုးရှိပါတယ်။ ရန်သူအနေနဲ့ ထိခိုက်ကျဆုံးမှုများရှိတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ ပလက်ဝနဲ့ ထရွန်အိုင်ဘက်မှာ တိုက်ခိုက်ခဲ့တာရှိပါတယ်။ နုန်းဘူးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်။ ပလက်ဝမှာတော့ အဝေးကနေ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခဲ့တာရှိပါတယ်။
ဒီနေ့မှာ ကျွန်တော်အထူးအလေးအနက်ထားပြီး ပြောကြားလိုတာကတော့ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဘက်ဒေသမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုအခွင့်ကောင်းယူပြီး ပွဲလန့်တုန်းဖျာခင်းတာ လုပ်ဆောင်ဖို့အတွက် အချက်ပေးလှုံ့ဆော်မှုများ ထင်ရှားစွာတွေ့မြင်ရမှာဖြစ်ပါတယ်။ USIP ဆိုတဲ့အဖွဲ့အစည်းရဲ့ အစီရင်ခံစာကိုသုံးသပ်ပြီး ပြည်ဖျက်မီဒီယာများအနေနဲ့အမျိုးမျိုးသုံးသပ်ပြီး ရေးသားလှုံ့ဆော်နေတာတွေ့ရပါတယ်။ ဒါတွေကို ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး၊ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံအားလုံးက အလေးအနက်ထား စောင့်ကြည့်သတိပြုသွားရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
