Skip to main content

ဘီးလင်းမြို့နယ်၊ ဝင်းကနယ်မြေရဲစခန်းနှင့် တောင်စွန်းအကျဉ်းဦးစီးစခန်းတို့မှဝန်ထမ်းများ တိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် စခန်းအားစွန့်ခွာမှုပြုလုပ်ဟု ကောလာဟလသတင်းများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၇

ဘီးလင်းမြို့နယ်၊ ဝင်းကနယ်မြေရဲစခန်းနှင့် တောင်စွန်းအကျဉ်းဦးစီးဌာနမှ အကျဉ်းသားများအပါအဝင် ဝန်ထမ်းများသည် အကြမ်းဖက်သောင်းကျန်းသူများက တိုက်ခိုက်လာမည်ကိုစိုးရိမ်သဖြင့် စခန်းအားစွန့်ခွာ၍ တိမ်းရှောင်သွားပြီဖြစ်ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကောလာဟလသတင်းများ လုပ်ကြံဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တာဝန်ရှိသူများ၏ ပြောကြားချက်အရ “ဘီးလင်းမြို့နယ်ရှိ မည်သည့်ရဲစခန်းနှင့် အကျဉ်းဦးစီးဌာနတို့မှ စခန်းအား စွန့်ခွာတိမ်းရှောင်မှုများမရှိကြောင်းနှင့် သတင်းအမှားသာဖြစ်ကြောင်း” သိရှိရသည်။

နိုင်ငံ့တာဝန်များကို ဦးလည်မသုန် ကျေပွန်စွာထမ်းရွက်နေကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာလုပ်ကိုင်၊ နေထိုင်လိုကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား အကြမ်းဖက်မှုလုပ်ရပ်များကို အားပေးလှုံ့ဆော်နေသည့် တရားမဝင်ပြည်ဖျက်မီဒီယာများမှ ထိုသို့စိုးရိမ်ထိတ်လန့်ဖွယ်ရာ ကောလာဟလသတင်းများ ရေးသားဖြန့်ဝေခြင်းသာဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။