ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဒုတိယမြောက်နေ့ဖြစ်သည့် နိုဝင်ဘာ ၂၆ ရက် ညပိုင်းတွင် ရဟန်းရှင်လူပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ယင်းသို့တန်ဆောင်တိုင်မီးထွန်း ပွဲတော်တွင် ပါဝင်ဆင်နွှဲကြသူများအနက်မှ တချို့အား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ရပါသည်။
ဦးတင်ဦး
မြန်အောင်မြို့
ဒီဘုရားကြီးကို ဖူးချင်တာရယ်၊ သားဖြစ်သူ မင်္ဂလာဆောင်ရယ်နဲ့ တိုက်ဆိုင်သွားလို့ အခုလို ရောက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး စတင်ဖူးမြော်ခွင့်ရချိန်ကတည်းက တစ်ခေါက်လာခဲ့ပြီးပါပြီ။ နေပြည်တော်မှာ အခုလိုမာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကျင်းပပေးတာကိုလည်း အလွန်ပဲဝမ်းသာပါတယ်။ နောက်နှစ်တွေမှာလည်း အခုလိုတန်ဆောင်တိုင်ပွဲတော်ကြီးတွေ ကျင်းပပေးစေချင်ပါတယ်။ မနေ့ညကတော့ မရောက်ဖြစ်ပါဘူး။ ဒီည ရောက်လာတဲ့အချိန်မှာ လူတွေအပြည့်အလျှံနဲ့ စည်ကားနေတာတွေတွေ့ရတော့ အလွန်ပဲဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ဒီဘုရားကြီးကို လာရောက်ဖူးရတာ အေးလည်းအေးချမ်းတယ်။
ဦးသန်းကျော်
မီးပုံးပျံအဖွဲ့ခေါင်းဆောင်
ကျွန်တော့်အနေနဲ့ မီးပုံးပျံ ၁၁ လုံး တာဝန်ယူထားတာ ဖြစ်ပါတယ်။ ဖွင့်ပွဲနေ့က နှစ်လုံးလွှတ် ခဲ့တယ်။ ဒီနေ့ညတော့ လေးလုံးလွှတ်မှာပါ။ မနက်ဖြန်ညပိုင်းကိုတော့ ငါးလုံးအထိလွှတ်ဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ လွှတ်တင်တဲ့ မီးပုံးပျံတွေကတော့ အားလုံးအောင်မြင်ပါတယ်။ လွှတ်တင်တဲ့အခါမှာ လေကတော့ နည်းနည်းကြမ်းတယ်။ လေကြမ်းတဲ့အတွက် မီးပုံးပျံက အလှတော့နည်းသွားတာပေါ့။ ကျွန်တော်တို့ စိန်နားပန်က လေကိုတော့ကြောက်တယ်။ လေငြိမ်ရင်တော့ ပိုကောင်းတာပေါ့။ ကျွန်တော်တို့အဖွဲ့ကတော့ စိန်နားပန်အဖွဲ့ ဖြစ်တာကြောင့် စိန်နားကပ်လေးတွေ ပန်သလို မီးပုံးလေးတွေကို တွဲလောင်းလေး တွေချတဲ့ပုံစံလို့ ပြောရမှာပေါ့။ မီးပုံးပျံရဲ့ အောက်ခြေမှာမီးပုံး လေးတွေချိတ်တယ်။ ပြီးရင် စာတန်းလေးတွေနဲ့ ရုပ်ပုံလေး တွေဖော်တယ်။ ကျွန်တော်တို့ အခုလုပ်ထားတဲ့ မီးပုံးပျံတွေကတော့ အချိန်အားဖြင့် ၁၂ ပိဿာ၊ ၁၃ ပိဿာခန့်ရှိပါတယ်။ အခုလို တန်ဆောင်တိုင်ပွဲတော်တွေကို ကျင်းပပေးတဲ့အတွက် နေပြည်တော်ပတ်ဝန်းကျင်က ပြည်သူတွေအတွက်လည်း အဆင်ပြေတာပေါ့။ နောက်နှစ်တွေလည်း အခုလိုပဲ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နဲ့ ဆက်လက်ကျင်းပပေးစေချင်ပါတယ်။
ဦးလွင်မိုး
ရှမ်းအိုးစည်အဖွဲ့ခေါင်းဆောင်
ကျွန်တော်တို့အဖွဲ့မှာ အဖွဲ့သားအားလုံးခုနစ်ယောက်ပါပါတယ်။ ဓားအကတို့၊ ကျွမ်းထိုးအကတို့လည်း ပါပါတယ်။ အရင်ကတော့ ရေအိုးကိုက်အက ထည့်ထားပါတယ်။ အခုတော့ ရေအိုးကိုက်အကအစား ကျွမ်းထိုးအကကို ထည့်ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ ဒီနေ့တစ်ရက်တည်း ကပြဖျော်ဖြေ ရမှာဖြစ်ပါတယ်။ အခုလို မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကြီးမှာ ကျွန်တော်တို့တတ်ကျွမ်းတဲ့ အနုပညာလေးနဲ့ လာရောက်ဖျော်ဖြေရခြင်းလည်း ဖြစ်ပါတယ်။ နောက်နှစ်တွေ ဆက်လက်ကျင်းပမယ်ဆိုရင်လည်း လာရောက်ဖျော်ဖြေပေးဖို့လည်း မျှော်လင့်ထားပါတယ်။ အားလုံးလည်း ကျန်းမာပျော်ရွှင်စွာနဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကြီးမှာ ပါဝင်ဆင်နွှဲနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ဦးနေလင်း မိတ္ထီလာမြို့
ဒီမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် ကြီးကို ပါဝင်ဆင်နွှဲဖို့ မိတ္ထီလာကနေ ဒီမနက် ခြောက်နာရီခွဲ လောက်ကတည်းက စထွက်လာခဲ့ တာဖြစ်ပါတယ်။ ဘုရားဖူးရင်း တန်ဆောင်တိုင်ပွဲတော်လာရင်းဆိုပြီး ရည်ရွယ်ပြီးလာခဲ့တာဖြစ်ပါတယ်။ အခုလာရောက်တဲ့အချိန်မှာ အတော်လေးစည်စည်ကားကား ရှိတဲ့ မြင်ကွင်းကို မြင်လိုက်ရတဲ့ အချိန်မှာ အလွန်ပဲပီတိဖြစ်ရတယ်။ ဘုရားကြီးကို ဖူးလိုက်ရတဲ့အချိန်မှာ အေးလည်းအေးချမ်းတယ်။ အခုလို တန်ဆောင်တိုင်ပွဲတော်ဆိုတာ အရင်က တောင်ကြီးဘက်သွားမှ တွေ့မြင်ရတာ၊ အခုတော့ နေပြည်တော်တန်ဆောင်တိုင်လို့တောင် ပြောရမလား။ ဝတ်အသင်းတွေရဲ့ ဝတ်ရွတ်သံ၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်တာတွေနဲ့ မီးပုံးပျံလွှတ်တင်ပူဇော်တာတွေကိုတွေ့ရတော့ အင်မတန်ကြည်နူးစရာမြင်ကွင်းလို့လည်း မှတ်ယူမိပါတယ်။
ဒေါ်စိုးစိုးခိုင်
မသိုးသင်္ကန်းရက်လုပ်ပူဇော်ရေးအဖွဲ့ဝင်မြောက်ဥက္ကလာပမြို့နယ်
ရန်ကုန်တိုင်းဒေသကြီး ရွှေတိဂုံကိုယ်စားပြုနဲ့ လာရောက်ရက်လုပ် ပူဇော်ရခြင်းဖြစ်ပါတယ်။ မသိုးသင်္ကန်းကို ၁၄၊ ၁၅ နှစ်ဝန်းကျင် လောက်ကတည်းက ရက်လုပ်ပူဇော်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းလည်း အခုလို ရာသီရောက်ရင် ဘုရားတိုင်းမှာ အမြဲတမ်းလိုလို ပါဝင် ရက်လုပ်ပူဇော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ တောင်ဥက္ကလာပ ဘုရားမှာဆိုရင် ဆုတွေမကြာမကြာ ရခဲ့ဖူးတယ်။ နှစ်နှစ်ဆက်တိုက် ပထမဆုတောင် ရခဲ့ဖူးတယ်။ ဒီမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် ကြီးအခုဟာ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်တဲ့အတွက် နောက်နှစ်တွေကျင်းပဖြစ်မယ်ဆိုရင်လည်း ပါဝင်ရက်လုပ်ပူဇော်မှုတွေ ပြုလုပ်ခွင့်ရပါစေလို့ ဆုတောင်းပါတယ်။ နှစ်စဉ်မပြတ် လည်း ကျင်းပပေးစေချင်ပါတယ်။