Skip to main content

ဒုတိယဝန်ကြီးဒေါက်တာအေးထွန်း မြန်မာနိုင်ငံရောဂါထိန်းချုပ်နှိမ်နင်းရေးဗဟိုဌာန တည်ဆောက်နေမှု လယ်ဝေးမြို့ပြည်သူ့ဆေးရုံနှင့် ပျဉ်းမနားမြို့ ပြည်သူ့ဆေးရုံကြီးတို့တွင် ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၂၆

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဒက္ခိဏသီရိမြို့နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံရောဂါထိန်းချုပ်နှိမ်နင်းရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်း သင်တန်းကျောင်းတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှင်းလင်းတင်ပြ

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

မြန်မာနိုင်ငံ ရောဂါထိန်းချုပ်နှိမ်နင်းရေး ဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းသင်တန်းကျောင်း (Myanmar CDC)သည် ယွမ်သန်း ၄၀၀ ခန့်တန်ဖိုးရှိ နိုင်ငံတကာအဆင့်မီ ရောဂါထိန်းချုပ်နှိမ်နင်းရေး ဗဟိုဌာနတစ်ခုဖြစ်ပြီး Biosafety Level 3 အဆင့်အထိရှိသော ဓာတ်ခွဲခန်းများအပါအဝင် နိုင်ငံတကာ အဆင့်မီဓာတ်ခွဲခန်းများ၊ ရောဂါထိန်းချုပ်နှိမ်နင်းရေး စနစ်များပါရှိသော သုံးထပ်ရောဂါထိန်းချုပ်နှိမ်နင်း ရေးအဆောက်အအုံ၊ သင်တန်းသားသင်တန်းသူ ၂၀၀ ခန့် ထားရှိလေ့ကျင့်သင်ကြားပေးနိုင်မည့် သုံးထပ်ကျန်းမာရေးသင်တန်းကျောင်း အဆောက်အအုံနှင့် နှစ်ထပ်အုပ်ချုပ်မှုဆိုင်ရာ အဆောက်အအုံတို့ပါရှိမည်ဖြစ်ကာ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင်ဖွင့်လှစ်၍ လည်ပတ်ဆောင်ရွက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိ၍ Myanmar CDC တွင် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စေလွှတ်၍ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ လယ်ဝေးမြို့ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ ပျဉ်းမနားမြို့ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း သွားရောက်ပြီး အရေးပေါ်လူနာဌာန၊ မျက်စိရောဂါပြင်ပလူနာဌာန၊ သွားနှင့်ခံတွင်း ပြင်ပလူနာဌာန၊ ဓာတ်မှန်ဆောင်၊ အရိုးကုသဆောင်၊ အထွေထွေရောဂါကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ သားဖွားမီးယပ်ကုသဆောင်၊ ကလေးကုသဆောင်၊ ဆေးသိုလှောင်ခန်းနှင့် ဓာတ်ခွဲခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်သူများအကျိုးအတွက် ဆေးကုသရေးလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်စေရေး ဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်