နေပြည်တော် နိုဝင်ဘာ ၂၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့ ပင်ဖြစ်ကျေးရွာသို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ရောင်ခြည်ဦးစိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးခဲ့မှုအခြေအနေကို မေးမြန်းဆွေးနွေးသည်။
ရှင်းလင်းတင်ပြ
တွေ့ဆုံစဉ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပင်ဖြစ်ဒေသတွင် မျိုးစေ့ထုတ်မိုးစပါး စိုက်ဧက ၁၁၂ ဧကတွင် ရွှေရင်အေး၊ ရွှေအပ်စပါးမျိုးများ စိုက်ပျိုးခဲ့ပြီးတစ်ဧက ပျမ်းမျှအထွက်နှုန်း တင်း ၁၃၀ ထွက်ရှိမှုအခြေအနေကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ယခုကဲ့သို့ အထွက်နှုန်းတိုးရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရေးမှာကြားပြီး အသင်းပိုင် စပါးအခြောက်ခံစက်ကို စွမ်းအားပြည့် အသုံးချနိုင်ရေးအတွက် လိုအပ်သည်များညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရပ်စောက်မြို့နယ် သမဝါယမအသင်းစု၏ စွမ်းထက်ကြက်ချေး အခြေခံသဘဝမြေဩဇာထုတ်လုပ်ရေးလုပ်ငန်းသို့ ရောက်ရှိပြီး အရေအတွက် တိုးမြှင့်ထုတ်လုပ်ရေးနှင့် ဈေးနှုန်းသက်သာစွာ ရောင်းချနိုင်ရေးကြိုးပမ်း ဆောင်ရွက်သွားရန်မှာကြားကာ သဘာဝမြေဩဇာ ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည်ရပ်စောက်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လိုအပ်သည်များမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်စီးပွား မြှင့်တင်ရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း RBF ရန်ပုံငွေကျပ် သိန်း ၁၀၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၃၅ သိန်းဖြင့် နွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသော ရွာတော်ကျေးရွာသို့ရောက်ရှိပြီး ထွန်းတောက်ကြယ် နွားမွေးမြူရေးအစုအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
