Skip to main content

NUG ၊ PDF အကြမ်းဖက်သောင်းကျန်းသူများနှင့် အချို့သော EAO အဖွဲ့များမှ မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အဓိကထား တိုက်ခိုက်လျက်ရှိသည့်အခြေအနေများ၊ ၂၆-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့၊ လူနေမှုဘဝမြင့်မားစေဖို့နဲ့ လူမှုစီးပွားဘဝလုံခြုံတိုးတက်စေဖို့အတွက် အဓိကက လျှပ်စစ်စွမ်းအားကဏ္ဍဟာ အရေးကြီးပါတယ်။ NUG, PDF အကြမ်းဖက် သောင်းကျန်းသူများနဲ့ အချို့သော EAOs အဖွဲ့များဟာ မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းပေါင်းစုံနဲ့ အဓိကထား တိုက်ခိုက်နေတာကိုတွေ့ရပါတယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊ ပြည်သူလူထုရဲ့ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးအပြင် လျှပ်စစ်ကဏ္ဍကိုလည်း ဖျက်လိုဖျက်ဆီးလုပ်နေတာကိုတွေ့ရပါတယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ လျှပ်စစ်ဓာတ်အားပေးလိုင်းများ၊ တာဝါတိုင်များကို မိုင်းထောင်ဖောက်ခွဲတာတွေ၊ လျှပ်စစ်ဓာတ်အားခွဲစက်ရုံတွေကို အဝေးကနေပစ်ခတ်တာတွေ၊ Drop Bomb ချပြီး တိုက်ခိုက်တာတွေ ဆောင်ရွက်ခဲ့ကြောင်းတွေ့ရပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ လျှပ်စစ်ဓာတ်အားပေး တာဝါတိုင် ၈၁ ခု ပျက်စီးခဲ့ကြောင်း တွေ့ရပါတယ်။မိုင်းထောင် ဖောက်ခွဲဖျက်ဆီးတာ အဓိကဖြစ်ပါတယ်။ အဓိကအားဖြင့် ကယားပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လျှပ်စစ်စွမ်းအားကဏ္ဍသည် တစ်နိုင်ငံလုံး လိုအပ်တဲ့အတိုင်းအတာအထိပေးနိုင်တဲ့ လုံလောက်မှုမရှိသေးပါဘူး။ မလုံလောက်တဲ့ကြားကနေ နိုင်ငံတော်အစိုးရအနေနဲ့ အစိုးရအဆက်ဆက်အနေနဲ့ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလိုနည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေတဲ့ကြားက ဒီအဖျက်လုပ်ငန်းများကြောင့် လျှပ်စစ်ဓာတ်အားပေးလိုင်းများ ပျက်စီးရခြင်း၊ လျှပ်စစ်ဓာတ်အားခွဲစက်ရုံများ ပျက်စီးရခြင်းကြောင့် နိုင်ငံရဲ့လူမှုစီးပွားဘဝသည် တိုးတက်သင့်သလောက် မတိုးတက်ဘဲနဲ့ နှောင့်နှေးနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အကြမ်းဖက်သောင်းကျန်း သူတွေအနေနဲ့ ပြည်သူလူထုလိုလားတဲ့ ဒီမိုကရေစီအရေးဆိုတာကိုဗန်းပြပြီး တစ်နိုင်ငံလုံး အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက် နေတာဖြစ်ပါတယ်။ ဒါကို ပြည်သူလူထုတစ်ရပ်လုံးကသိရှိပြီး ဝိုင်းဝန်းဆန့်ကျင်ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောလိုပါတယ်။ ဒီနေ့ ထိတွေ့တိုက်ပွဲများအခြေအနေကတော့ ရှမ်းပြည်နယ်(အရှေ့မြောက်)ဘက်မှာတော့ မူဆယ် (၁၀၅)မိုင်နားမှာ ထိတွေ့မှုများ ဖြစ်ပွားခဲ့တာရှိပါတယ်။ လောက်ကိုင်မြို့ကို ရှော့တိုက်ဒုံးနဲ့ မြို့ထဲကို ၄ လုံး လာပစ်ခဲ့ပါတယ်။ ကုန်းကြမ်းဘက်မှာလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ ရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ AA အနေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ပြည်သူလူထုကို စာထုတ်ပြီးတော့ မြို့ကနေ အမြန်ဆုံးထွက်ဖို့ဆိုပြီး ခြိမ်းခြောက်လာတာ တွေ့ရပါတယ်။ ယခင်တုန်းကလည်း အလားတူပါပဲ။ ပေါက်တောမှာ ခြိမ်းခြောက်ပြီးတော့ မြို့နေလူထုကို အပြင်ထွက်ခိုင်းတာ၊ မြို့ထဲမှာမနေခိုင်းတာမျိုး လုပ်ခဲ့ပါတယ်။ ပြီးရင်ဝါဒဖြန့်ချိမှု အနေနဲ့ကယ်ထုတ်တယ်ဆိုတဲ့ဟာမျိုး အကြောင်းပြခဲ့တာဖြစ်ပါတယ်။ အခုလည်း ပုဏ္ဏားကျွန်းမှာ ဆက်လုပ်နေကြောင်း တွေ့ရပါတယ်။ အေးချမ်းစွာနေထိုင်လိုတဲ့ ရခိုင်ပြည်သူလူထုအနေနဲ့ AA နဲ့ ပတ်သက်လာပြီး၊ ဒီလို နှင်ထုတ်တာတွေနဲ့ ပတ်သက်လာပြီး ဆန့်ကျင်နေကြ ကြောင်း တွေ့ရပါတယ်။ စစ်ကိုင်းတိုင်းဘက်မှာတော့ ထီးလင်းမှာထိတွေ့တိုက်ပွဲရှိခဲ့ပါတယ်။ KIA, PDF အကြမ်းဖက်သောင်းကျန်းသူများအနေနဲ့ အဲဒီထိတွေ့တိုက်ပွဲမှာ အကျအရှုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံအစိုးရ၊ တပ်မတော်အနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံး ပြန်လည်ပြီး အမြန်ဆုံးအေးချမ်းလာဖို့၊ တည်ငြိမ်လာဖို့ အစွမ်းကုန်ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း ပြောလိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။