Skip to main content

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်တွင် တန်ဆောင်တိုင်မီးထွန်းပွဲတော် ဒုတိယနေ့ဆက်လက်ကျင်းပ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၆

ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တွင် တန်ဆောင်တိုင်မီးထွန်းပွဲတော် ဒုတိယနေ့အဖြစ် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ ပါဝင်ဆင်နွှဲကြသည့် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကား လျက်ရှိသည်။

လမ်းညွှန်ပြသပေး

ဦးစွာ တာဝန်ရှိသူများက တန်ဆောင်တိုင်မီးထွန်းပွဲတော်လာ ဘူရားဖူးပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်လက်အေးချမ်းစွာ ဘုရားဖူးမြော် ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ဘုရားမုခ်ဦးများရှေ့တွင် လုံခြုံရေးအရလိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ပေးပြီး ပွဲတော်အတွင်း ကုသိုလ်ပြုဆီမီးထွန်းညှိနိုင်မည့် နေရာများ၊ မီးပုံးပျံလွှတ်တင်ပူဇော်မည့်နေရာများ၊ မသိုးရွှေကြာသင်္ကန်းရက်လုပ် နေသည့်နေရာများ၊ ဈေးပွဲတော်နေရာများနှင့် အခြားသွားရောက်လေ့လာနိုင်မည့်နေရာများကို အလွယ်တကူသွားရောက် နိုင်ရေးအတွက် လမ်းညွှန်ပြသပေးကြသည်။

တန်ဆောင်တိုင် မီးထွန်းပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးလာရဟန်းရှင်လူ ပြည်သူများသည် စိတ်အေးချမ်းသာစွာဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်အတွင်း ဆီမီးကပ်လှူပူဇော်ခြင်း၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြရာ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း မြတ်စွာဘုရားရှင်၏ တရားဓမ္မသံများဖြင့် စိတ်ကြည်နူးဖွယ် ဖုံးလွှမ်းလျက်ရှိ သည်။

တန်ဆောင်တိုင် မီးထွန်းပွဲတော်ကာလအတွင်း ကုသိုလ်ထူးရရှိနိုင်ရေး အစီအစဉ်တစ်ခုအဖြစ် တန်ဆောင်မုန်းလပြည့်နေ့၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပထမအကြိမ်မသိုးရွှေကြာသင်္ကန်း ကပ်လှူပူဇော်သွားမည်ဖြစ်သည့်အတွက် ယနေ့ညနေပိုင်းမှစတင်၍ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ ရက်ကန်းစင်ကိုးစင်ဖြင့် မသိုးရွှေကြာသင်္ကန်းကို အားကြိုးမာန်တက် စတင်ရက်လုပ်နေကြရာ အဆိုပါရက်ကန်းရက်လုပ်နေမှု အဆင့်ဆင့်ကို အားပေးလေ့လာကြည့်ရှုကြသည့် ဘုရားဖူးလာ ပြည်သူများဖြင့်လည်း စည်ကားလျက်ရှိသည်။

အထူးစည်ကားလျက်ရှိ

ထို့ပြင် မြတ်စွာဘုရားရှင်အား မီးပုံးပျံများ လွှတ်တင်၍ ပူဇော်ခြင်းကုသိုလ်ထူးကို ရရှိခံစားနိုင်စေရန် စီစဉ်ဆောင်ရွက်ထားရှိသည့်အတွက် မီးပုံးပျံမလွှတ်တင်မီ အစောပိုင်းကပင် ဘုရားပရိဝုဏ်အတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိပြီး မီးပုံးပျံများလွှတ်တင်၍ မြတ်စွာဘုရားရှင်အား ပူဇော်မည့်အချိန်ရောက်ရှိသည့်အခါတွင် ဘုရားဝင်းအတွင်းသတ်မှတ် နေရာများအလိုက် မီးပုံးပျအသေးများ၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်းတို့ဖြင့်လည်း နေပြည်တော် တန်ဆောင်မုန်းလ၏ ညအလှကို ပိုမိုပေါ်လွင်စေခဲ့သည့်အပြင် ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း၌လည်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရှိသည့်အတွက် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် ဘုရား၊ စေတီ၊ ပုထိုးများ၏ သပ္ပာယ်မှုများနှင့် အံ့မခန်းဗိသုကာလက်ရာများကိုလည်း လာရောက်ကြသည့် ဘုရားဖူးလာပြည်သူများ တစ်နှစ်တွင် တစ်ကြိမ်သာကြုံတွေ့ရမည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့်ယှဉ်တွဲ၍ ဖူးမြော်ကြည်ညိုလေ့လာနိုင်ကြမည်ဖြစ်သည်။

အလားတူ ကျောက်စာရုံစေတီတော်၊ မုစလိန္ဒကန်၊ နဂါးရုံဘုရားများ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မာရဝိဇယကျောင်းတော်နှင့် အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုလေ့လာကြသည့် ဘုရားဖူးလာပြည်သူများနှင့် ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေးနေရာများ၌လည်း မိသားစုလိုက်သော်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်းအစုအဖွဲ့လိုက်သော်လည်းကောင်း ပျော်ရွှင်စွာအမှတ်တရဓာတ်ပုံရိုက်ကြသည့် ဘုရားဖူးလာပြည်သူများဖြင့်လည်း အထူးစည်ကားလျက်ရှိသည်။

ထို့အတူ ပွဲတော်လာပြည်သူများအတွက် ဖျော်ဖြေရေးအစီအစဉ်ကောင်းများအဖြစ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနတို့မှ အနုပညာရှင်များက မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ကြူးရေးစပ်ထားသည့် တေးသီချင်းကောင်းများဖြင့်လည်းကောင်း၊ သရုပ်ဖော်အကအလှများဖြင့် လည်းကောင်း သီဆိုကပြဖျော်ဖြေကြရာ လာရောက်အားပေးနားဆင် ကြည့်ရှုသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။

ထို့ပြင် ဘုရားဖူးလာပြည်သူများ ဒေသထွက်လက်ဆောင်အဖြစ် ဝယ်ယူနိုင်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များဖွင့်လှစ်၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ဘုရားဖူးပြည်သူများ စိတ်ဝင်တစားဖြင့် ကြိတ်ကြိတ်တိုးဝယ်ယူလျက်ရှိကြသည့်အပြင် ဒေသထွက်မြန်မာ့ရိုးရာမုန့်ဆိုင်များ၌လည်း မြန်မာမုန့်များအား နှစ်သက်စွာဖြင့်ဝယ်ယူအားပေးကြသူများကိုလည်း တွေ့မြင်ရသည်။

ကုသိုလ်ကောင်းမှုပြုလုပ်

အလားတူ ဘုရားဖူးလာ ကလေးငယ်များအတွက်လည်း ကလေးကစားကွင်း ထားရှိပေးထားရာ ကစားနည်းများအလိုက် စိတ်ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ကစားနေကြသည့် ကလေးငယ်များဖြင့်လည်း အထူးစည်ကားလျက်ရှိသည်။

တန်ဆောင်တိုင်မီးထွန်းပွဲတော်လာ ပြည်သူများစိတ်အေးချမ်းသာစွာဖြင့် ကုသိုလ်ကောင်းမှုပြုလုပ်ကြပြီး ပွဲတော်ကို ဆင်နွှဲနိုင်ရေးအတွက်လည်း တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က ဘုရားပရိဝုဏ်အတွင်း စနစ်တကျလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသည့်အပြင် ဘုရားဖူးလာပြည်သူများ ကျန်းမာရေးကိစ္စ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းများ ဖွင့်လှစ်ထားရှိသည်ကိုလည်း တွေ့မြင်ရသည်။

အဆိုပါ တန်ဆောင်တိုင်မီးထွန်း ပွဲတော်အား နိုဝင်ဘာ ၂၇ ရက် တန်ဆောင်မုန်း လပြည့်နေ့တွင်လည်း စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသွားမည် ဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ပြည်သူများအနေဖြင့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုရင်း တန်ဆောင်တိုင်ည၏ရသကို အပြည့်အဝခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

မျိုးဆက်သစ်၊ ဓာတ်ပုံ-ထိန်အေး