နေပြည်တော် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီ လိတ်မြို့တွင် ငွေကျပ်သိန်း ၄၃၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၂ ရက် ညနေ ၅ နာရီခွဲ တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ ဝိန်းကျောက် ရပ်ကွက်တွင် ကြိုတင်သတင်းရရှိထားသူ မောင်ကကို စစ်ဆေးရှာဖွေရာ ၎င်းသယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၁၂၀၀ တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါး အက်တက်စီဆေးပြား ၃၀၀၀ သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ နိုဝင်ဘာ ၂၃ ရက် ညနေ ၃ နာရီခွဲတွင် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်တွင် ကိုကိုလင်း(ခ)လင်းလင်းအား ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၃၁၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၈၅ ကီလို၊ မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း၊ အလားတူ လူငယ်များကို အန္တရာယ်ဖြစ်စေမည့် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းများကို ထိရောက်စွာဟန့်တားနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
သတင်းစဉ်
