ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူး၍ ၂၀၂၃ ခုနှစ် စက်မှုထုတ်ကုန် ပစ္စည်း၊ စက်ယန္တရားနည်းပညာပြပွဲ၊ တန်ဆောင်တိုင်ဈေးရောင်းပွဲနှင့် မီးထွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ကျင်းပသည်။
တန်ဆောင်တိုင် ဈေးရောင်းပွဲနှင့် မီးထွန်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသ ကြီး အတွင်းရှိ MSME စက်မှုလုပ်ငန်းများ၊ စက်မှုထုတ်ကုန်ပစ္စည်းများ၊ ရေထွက်ကုန် ပစ္စည်းများနှင့် မြို့နယ်ပေါင်းစုံမှ နာမည်ကြီးစားသောက်ဆိုင်များကို ဆိုင်ခန်းပေါင်း ၅၃၃ ခန်းဖြင့် ယနေ့မှ နိုဝင်ဘာ ၂၇ ရက်အထိ ပြသရောင်းချမည်ဖြစ်ရာ ပွဲတော်ရက်များသည် အများပြည်သူ ပိတ်ရက်များဖြစ်သည့် အတွက် ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းများ အပါအဝင် ပြည်သူများလာရောက်ဝယ်ယူ အားပေးကြသဖြင့် စည်ကားလျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက် အထိ ပွဲတော်ရက်အတွင်း နေ့စဉ် E-sport ဂိမ်းပြိုင်ပွဲများ၊ စတုဒိသာကျွေးမွေးမှုများ၊ ဟာသနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ် များမှ ကျော်ကြားသည့် အနုပညာရှင်များ ၏ ဖျော်ဖြေမှုများ၊ DJ ၊ Dancer အက များဖြင့် ဖျော်ဖြေမှုများကို အားပါးတရ ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။
အဆိုပါပွဲတော်တွင် တာဝန်ရှိသူများနှင့် လာရောက်ကြည့်ရှုသူများ၏ စကားသံများကိုလည်း စုစည်းဖော်ပြ လိုက်ပါသည်။
ဦးမျိုးမြင့်အောင်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
စီးပွားရေးရာဝန်ကြီး
ဒီတန်ဆောင်တိုင်ဈေးရောင်းပွဲတော် ကျင်းပရေးကော်မတီမှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေပါတယ်။ မနှစ်ကစပြီး ပြည်သူ့ရင်ပြင်ထဲမှာ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့စသဖြင့် ဈေးရောင်းပွဲတော်တွေကို နှစ်စဉ်ဆောင်ရွက်မယ်ဆိုပြီး ဝန်ကြီးချုပ်ကြီးရဲ့ လမ်းညွှန်ချက်အရ ပြီးခဲ့တဲ့သီတင်းကျွတ်မှာလည်း ပွဲဆောင်ရွက်ပြီးဖြစ်ပါတယ်။ အခုတန်ဆောင်တိုင်မှာလည်း အဓိကကတော့ MSME ထုတ်ကုန်တွေ ဈေးကွက်ရရှိ ရေးအတွက် ရည်ရွယ်ချက်ထားပြီး ဆောင်ရွက်ပါတယ်။ အဲဒီလိုဆောင်ရွက် ရင်းနဲ့ပွဲတိုင်းပွဲတိုင်းမှာ အထူးပရိုမိုးရှင်း အနေနဲ့ တစ်ခုပြီးတစ်ခုထည့်တာပါ။ မိုးရာသီတုန်းက EV လျှပ်စစ်ကားပေါ့။ ထုတ်ကုန်ပစ္စည်း ရောင်းပွဲအပြင် လျှပ်စစ်ကားထည့်တယ်။ ပြီးခဲ့တဲ့သီတင်းကျွတ်မှာ ရေထွက်ကုန်ပစ္စည်းတွေ၊ ဒီတစ်ပတ်မှာ ထူးထူးခြားခြား Super Seven Stars ကုမ္ပဏီကနေပြီး စက်ပစ္စည်းတွေ၊ နည်းပညာတွေကိုပြတာပါ။ နိုင်ငံပေါင်း ၁၁ နိုင်ငံကကုမ္ပဏီပေါင်း ၃၀၀ ထုတ်လုပ်တဲ့ ပစ္စည်းတွေကိုပြတဲ့ ပြခန်းတွေပါတယ်။ Authentic ကုမ္ပဏီကနေပြီး ရေပိုက်တွေ၊ ရေတိုင်ကီတွေ၊ ပြည်တွင်းထုတ်နေတဲ့ ကမ္ဘာ့အဆင့်မီ ပစ္စည်းတွေကိုပြတာပေါ့။ ဒါတွေကို ဒီတစ်ပတ် တန်ဆောင်တိုင် ဈေးရောင်းပွဲတော်မှာ ထူးထူးခြားခြား ထည့်သွင်းပြသတာပါ။
MSME Product ရောင်းတဲ့ဆိုင်ခန်း ပေါင်း ၃၆၂ ခန်း၊ ကျန်တဲ့စားသောက်ကုန် လှည်းလေးတွေအပါ ၁၇၁ ခန်း၊ စုစုပေါင်း ၅၃၃ ခန်းဖြစ်ပါတယ်။ E-sport ဂိမ်းတွေကို ဈေးရောင်းပွဲတော်တိုင်းမှာ လူငယ်တွေအတွက် ရည်ရွယ်ပြီးထည့်သွင်းထားပါတယ်။ ဒီတစ်ပတ်မှာ အမျိုးသမီးတွေအတွက်ပါ ပြိုင်ပွဲထည့်သွင်းထားပါတယ်။ အဖွဲ့လိုက် ပထမဆုဆိုရင် သိန်း ၃၀၊ ဒုတိယဆု သိန်း ၂၀၊ တတိယဆုက ၁၀ သိန်းပေါ့။ အဲဒီအပြင် ဂိမ်းထဲမှာပါတဲ့ အကောင်လေးတွေနဲ့ သဏ္ဌာန်တူ သရုပ် ဆောင်ပြိုင်ပွဲလည်း ထည့်သွင်းထားပါ တယ်။ ဒီနေ့ညမှာ ဟာသ၊ သဘင်၊ ရုပ်ရှင်၊ ဂီတ၊ နာမည်ကျော်သရုပ်ဆောင်တွေနဲ့၊ အဆိုတော်တွေနဲ့ ညနေ ၆ နာရီကနေ ည ၁၀ နာရီခွဲအထိ ဖျော်ဖြေဖို့ရှိပါတယ်။ DJ တို့၊ Dancer တို့အပါပေါ့။ မနက်ဖြန်နဲ့ သန်ဘက်ခါကျရင် နံနက် ၁၁ နာရီကနေ စပြီး စတိတ်ရှိုးပါမယ်၊ ညနေ ၅ နာရီအထိ။ ညပိုင်းကျရင် ညနေ ၆ နာရီကနေ ည ၁၀ နာရီခွဲအထိ ဖျော်ဖြေရေးအစီအစဉ် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
မီးရှူးမီးပန်းက မနက်ဖြန်နဲ့ သန်ဘက် ခါပေါ့၊ အဖိတ်နဲ့ လပြည့်ည နှစ်ရက်မှာ အရင်သီတင်းကျွတ်ပွဲလို မီးရှူးမီးပန်း ဖောက်မှာဖြစ်ပါတယ်။ ပိတ်ရက်တွေ ဖြစ်တဲ့အတွက် ပြည်သူလူထုအားလပ်ရက် လည်းဖြစ်တယ်၊ ဒီမှာလာရောက် အပန်းဖြေလို့ရတယ်။ ကုန်ပစ္စည်းတွေအပြင် အစားအသောက်ဆိုင်တွေ၊ ဒီတစ်ပတ်မှာ တွန်းလှည်းလေး တွေနဲ့ရောင်းချတဲ့ အစားအသောက်ဆိုင်လေးတွေကိုလည်း ထည့်သွင်းထားတာဖြစ်တဲ့အတွက် အစုံပါမှာပါ။ မြို့နယ်ပေါင်းစုံက နာမည်ကြီးတဲ့ ဝက်သားတုတ်ထိုး၊ ဒိန်ချဉ်ကအစပါတယ်။ လာရောက်စားသုံးကြပါ၊ ဖျော်ဖြေပွဲတွေလည်း လာရောက်ဆင်နွှဲ လို့ရတယ်။ လူငယ်တွေဆိုရင် E-sport ဂိမ်းတွေ ပါဝင်ယှဉ်ပြိုင်လို့ရပါတယ်။ ညဘက် ၁၀ နာရီခွဲ မိုးချုပ်တယ်ဆိုပေမယ့် မြို့နယ်အသီးသီးပြန်ဖို့အတွက် ပြီးခဲ့တဲ့သီတင်းကျွတ် ဈေးရောင်းပွဲတော်လို လိုင်းကားတွေ အဆင်ပြေအောင်စီစဉ် ထားပါတယ်။ စတုဒိသာလည်း ကျွေးဖို့ အစီအစဉ်ရှိတယ်။ ဒံပေါက်က မနက်/ ည၊ မနက်ဖြန်မှာ ဒံပေါက်အပြင် ကြက်ဆီ ထမင်းလည်းကျွေးမှာပါ။
ဒေါက်တာဌေးလွင်
ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးနှင့်
ကုသရေးဦးစီးဌာနမှူး
ကျွန်တော်တို့ ဒီတန်ဆောင်တိုင် ဈေးရောင်းပွဲတော်ကြီးအတွက် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျန်းမာရေးဆပ်ကော်မတီဆိုပြီး ဖွဲ့ပေးထားပါတယ်။ အဖွဲ့ထဲမှာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရယ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ကျန်းမာရေးကော်မတီ အဖွဲ့ရယ်၊ တိုင်းရင်းဆေးအဖွဲ့၊ ကြက်ခြေနီအဖွဲ့ဆိုပြီး အဖွဲ့လေးဖွဲ့နဲ့ပူးပေါင်းပြီး ဒီပွဲတော်ကို လာရောက်ကြမယ့် ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာ ဖြစ်ပါတယ်။ ဒီပွဲတော်လာပြည်သူတွေ ဖျားတာ၊ နာတာ၊ တခြားကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေရှိရင် အနောက်တိုင်းဆေးပညာနဲ့ ကျန်းမာရေးဌာနက ကုသမှုပေးပါတယ်။ ကျန်းမာရေးအဖွဲ့ အနေနဲ့လည်း ဒီအခမ်းအနား ကျင်းပတဲ့နေရာမှာ ကြိုတင်ပြင်ဆင်မှုတွေ၊ ကူးစက်ရောဂါတွေ မဖြစ်ပွားအောင် ဆေးဖျန်းတာတွေကိုလည်း ဆောင်ရွက်ပါတယ်။ အနောက်တိုင်း ဆေးပညာအပြင် တိုင်းရင်းဆေးပညာ အဖွဲ့အနေနဲ့လည်း လိုအပ်တဲ့ တိုင်းရင်းဆေးနည်းပညာနဲ့ ကုသမှုတွေလုပ်ပေးပါတယ်။ နောက်အရေးပေါ်ဖြစ်ပွားခဲ့ရင် လူနာတွေကယ်ဖို့အတွက် ကြက်ခြေနီတပ်ဖွဲ့လည်းပါပါတယ်။ ကြက်ခြေနီတပ်ဖွဲ့ဝင် ၅၀နဲ့ ဆောင်ရွက်ပါတယ်။ ဆေးရုံပို့ရမယ် ဆိုရင်လည်း ကြက်ခြေနီလူနာတင်ကားနဲ့ တိုင်းကျန်းမာ လူနာတင်ကား စုစုပေါင်းနှစ်စီးနဲ့ အဆင်သင့်ဆောင်ရွက်ထားပါတယ်။ ဒါ့အပြင် လိုအပ်လို့ဆေးရုံတွေမှာ ကုရမယ်ဆိုရင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ ဂျပန်ဆေးရုံသစ်ကြီးမှာအရေးပေါ် ကုသနိုင်ရေးအတွက် ၂၄ နာရီ ဆရာဝန်တွေ ဂျူတီချထားပြီး ဒီပွဲတော်အတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုကို စနစ် တကျပြင်ဆင်ထားရှိပါတယ်။
ဦးမြင့်ဝင်း
(Manufacturing Director – Super Seven Stars Industrial Development Co., Ltd.)
အခုပွဲတော်မှာ ပြခန်း ၁၅ ခုရှိပါတယ်။ အများစုကတော့ စက်မှုနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ အဖျော်ယမကာတွေ၊ ဆေးပိုင်းဆိုင်ရာတွေ တော်တော်များပါတယ်။ ကုမ္ပဏီပေါင်း ၃၂ ခုရှိပါတယ်။ SKU က ထုတ်လုပ်တဲ့ ထုတ်ကုန်ပစ္စည်းပေါင်း ၂၀၀ ကျော်ကို တည်ခင်းပြသထားပါတယ်။ အစားအသောက်နဲ့ အဖျော်ယမကာပေါင်းစုံပါတယ်။ မိသားစုတွေမှာ Home Care အတွက် မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေပါတယ်။ ပေါင်ဒါ၊ ဆပ်ပြာစသဖြင့်ပေါ့။ ဒီဘက်မှာဆိုရင် ကော်ဖီမစ်တွေ၊ Snack တွေ၊ ဆေးပိုင်းဆိုင်ရာ၊ ဝိုင်ထုတ်လုပ်တဲ့ လုပ်ငန်းတွေ၊ ခေါက်ဆွဲထုတ်တဲ့ နည်းပညာတွေ၊ ဟင်းချက်ဆီထုတ်လုပ် တာတွေပါတယ်။ ဟင်းချက်ဆီကို ထုတ်လုပ်နိုင်ဖို့အတွက် အပင်စိုက်ပျိုးတဲ့နည်းစနစ်တွေကအစ မလေးရှားက Simedarby ကုမ္ပဏီနဲ့ချိတ်ဆက်ပြီး ပြခန်းတွေပြသထားတယ်။
ကျွန်တော့်အနေနဲ့ ပြောချင်တာက နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အရေး ကြီးဆုံးတစ်ချက်က ပြည်ပကတင်သွင်းမှု တွေကို လျှော့ချနိုင်ရမယ်။ လျှော့ချနိုင်မယ့် နည်းလမ်းက ကိုယ့်ဆီမှာရှိတဲ့ ကုန်ကြမ်း ပစ္စည်းကိုအခြေခံပြီး စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကို တန်ဖိုးမြင့် ကုန်ပစ္စည်းတွေ ထုတ်လုပ်မယ်။ အဲဒီလို ထုတ်လုပ်တဲ့အခါမှာ သွင်းကုန်တွေကို ကျွန်တော်တို့ လျှော့ချနိုင်မယ်။ နိုင်ငံခြား ကတင်သွင်းပြီဆိုရင် ဒေါ်လာနဲ့ဝယ်ရ တယ်။ အဲဒီလိုလျှော့ချခြင်းဖြင့် နိုင်ငံခြား ငွေချွေတာနိုင်တယ်။ တော်တော်ကြီး Saving လုပ်နိုင်တယ်။ တကယ်လို့သာ စံချိန်မီဒီပစ္စည်းတွေကို ထုတ်နိုင်မယ်ဆိုရင် နိုင်ငံခြားကို Carrefour Network နဲ့တည်ဆောက်ပြီး နိုင်ငံတကာကိုပို့လို့ရတယ်။ အဲဒီအခါ နိုင်ငံတကာငွေကို ကျွန်တော်တို့ ရှာဖွေလို့ရတယ်။ နိုင်ငံ တကာနဲ့ ရင်ပေါင်တန်းပြီး ကျွန်တော်တို့မြန်မာပြည်ကြီး ခေတ်မီနည်းပညာနဲ့ တိုးတက်နိုင်အောင်ဆိုပြီး ရည်ရွယ်ချက်နဲ့ ပြခန်းလေးကို ပြရတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖြစ်နိုင်ရင် MSME ပညာလုပ်ငန်းရှင်တွေ လာရောက်လေ့လာပါလို့ ဖိတ်ကြားလိုပါတယ်။
ဦးစိုးမင်းအောင်
ပြည်သူတစ်ဦး
ဒီနေ့ကတော့ တန်ဆောင်တိုင်နဲ ပတ်သက်ပြီး ပြည်သူ့ဥယျာဉ်မှာ ဈေးရောင်းပွဲတော် လုပ်တဲ့အတွက် ကျွန်တော် ဒီနေ့ဒီနေရာကိုရောက်တယ်ပေါ့။ ရောက်တာကလည်း တခြား အကြောင်းတော့ရှိပါတယ်။ ကျွန်တော်ငယ်ငယ်က တက်ခဲ့တဲ့ကျောင်း အ.ထ.က (၁)လသာ ဘင်ခရာအဖွဲ့က ကလေးတွေ လည်း ဒီမှာလာပြီး တီးမှုတ်ဖျော်ဖြေရတဲ့ အတွက် လာကြည့်ရင်းနဲ့ ဒီပွဲကိုရောက်လာတာပါ။ ကျွန်တော့်အနေနဲ့ကတော့ မြန်မာလူမျိုးဖြစ်တဲ့အတွက် မြန်မာတွေရဲ့ ယဉ်ကျေးမှုထုံးတမ်းစဉ်လာ တချို့ကိစ္စတွေဟာ ကျွန်တော်တို့အနေနဲ့ ဆက်လက် ထိန်းသိမ်းရမယ်လို့ ယူဆတယ်။ ဒါကြောင့်မို့ ဒီနေ့တန်ဆောင်တိုင် ဈေးရောင်းပွဲတော်ကို ဒီနေ့ကစပြီး ကျင်းပမှာဖြစ်တဲ့အတွက် လာရောက်လေ့လာကြည့်ရှု ဝယ်ယူနိုင်ကြပါတယ်လို့ ကျွန်တော့်အနေနဲ့ဖိတ်ခေါ်ပါတယ်။ ကလေးတွေလည်း ပျော်ကြမယ်လို့ ယူဆ ပါတယ်။
တွေ့ဆုံမေးမြန်း - ချိုကြီး
ဓာတ်ပုံ - ရဲထွဋ်
