Skip to main content

မန္တလေးတိုင်းဒေသကြီး လယ်ယာကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေး အားပေးဆောင်ရွက်

 

နေပြည်တော် နိုဝင်ဘာ ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး၌ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဒေသ၏လယ်ယာကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ တစ်ဧကချင်း၏ သီးထပ်စွမ်းအား မြှင့်တင်နိုင်ရေးနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပုသိမ်ကြီးမြို့နယ်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ရောက်ရှိရာ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဒီပလိုမာ ပထမနှစ် သင်တန်းသားသစ်များ လျှောက်ထားမှု၊ ရွေးချယ်မှုနှင့် ကျောင်းသား၊ ကျောင်းသူများ ရောက်ရှိမှု၊ ကျောင်းအပ်လက်ခံနေမှု၊ ကျောင်းသား၊ ကျောင်းသူများအား စာတွေ့လက်တွေ့ပို့ချပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးအလယ် အလတ်အဆင့်ပညာရှင်များအဖြစ် သက်ဆိုင်ရာလုပ်ငန်းခွင်များတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ကြစေရေးအတွက် စနစ်တကျသင်ကြားလေ့ကျင့်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားကာ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အောင်မြေသာစံမြို့နယ်ရှိ သရက်ကုန်းငါးလုပ်ငန်းစခန်း၌ ဆောင်ရွက်လျက်ရှိသည့် သဘာဝနည်းဖြင့် ငါးသားဖောက်မွေးမြူထားရှိမှု၊ ဆေးထိုးသားဖောက်နည်းဖြင့် ငါးသားဖောက်မွေးမြူထားရှိမှု၊ ပုဂ္ဂလိကငါးမွေးမြူသူများကို ငါးသားပေါက်များ လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု၊ ငါးသယံဇာတတိုးပွားရေးအတွက် သဘာဝရေပြင်ကျယ်ကြီးများတွင် ဘဏ္ဍာနှစ်အလိုက် ငါးမျိုးများစိုက်ထည့်ပေးနိုင်ရေး ဆောင်ရွက်နေမှု၊ ငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်နည်းပညာပေးဆောင်ရွက်နေမှုနှင့် ငါးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရေသတ္တဝါမွေးမြူထုတ်လုပ်မှု လုပ်ငန်းများဖွံ့ဖြိုးလာရေးအတွက် သုတေသနပြုဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ကြီးတံခွန် မြို့နယ်ရှိ ပုဂ္ဂလိကမွေးမြူရေးအစာတောင့်စက်ရုံ၏ ကြက်လေးအစာမှုန့်၊ ကြက်လတ်အစာမှုန့်၊ အသားစားကြက် အစာတောင့်နှင့် ဥစားကြက်အစာတောင့်များ ထုတ်လုပ်ဖြန့်ဖြူးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။       

ထို့နောက် အမရပူရမြို့နယ်ရှိ နတ်ရေကန်ငါးလုပ်ငန်းစခန်း၏ ငါးသားဖောက် မွေးမြူထုတ်လုပ် ဖြန့်ဖြူးပေးနေမှုကိုလည်းကောင်း၊ ပုဂ္ဂလိကပြည်ပပို့ကုန် ငါးရှဉ့်အအေးခန်း စက်ရုံဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေနေရာကို ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် စိုက်ပျိုးရေးအခြေခံ ကုန်ထုတ်ပစ္စည်းများ ထုတ်လုပ်ရေးလုပ်ငန်းခွင်ကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်