Skip to main content

ပြည်ပနိုင်ငံ ၉၃ နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်အလုပ်သမား ၁၆၈၄၉၃၄ ဦးကို OWIC ကတ်ပြုလုပ်ခွင့်ပြု၍ စေလွှတ်ခွင့်ပြုပေးခဲ့ပြီးဖြစ်

ရန်ကုန် နိုဝင်ဘာ ၂၅

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းဒေသကြီးရုံးခန်းမ၌ ဦးစီးဌာန၊ အဖွဲ့ရုံးတို့မှ ရုံးခွဲတာဝန်ခံများနှင့်တွေ့ဆုံ သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကိုရှေးရှု၍ ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ကျရာတာဝန်ကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ တာဝန်ကျရာကဏ္ဍများတွင် အောင်မြင်အောင်ဆောင်ရွက်ရမည်ဖြစ်ပြီး ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ စောင့်ထိန်းရမည့်ကျင့်ဝတ်များကိုလိုက်နာ ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်သူ များနှင့်ဆက်ဆံရာတွင် စိတ်ရှည်သည်းခံပြီး ယဉ်ကျေးစွာဆက်ဆံရန်၊ တာဝန်အရအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ခြင်းများ၊ အဂတိ လိုက်စားခြင်းများကို ရှောင်ကြဉ်ရန်နှင့် ဝန်ထမ်းများအချင်းချင်းစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းစောင့်ရှောက်သွားရန်မှာကြားပြီး ရုံးခွဲတာဝန်ခံများ၏ တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန တိုင်းဒေသကြီးရုံး၌ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးတာဝန်ခံအရာရှိက ပြည်ပအလုပ် အကိုင်အလုပ်သမား သက်သေခံကတ်(OWIC) စိစစ်ထုတ်ပေးသည့်လုပ်ငန်းစဉ်များနှင့် ပြည်ပနိုင်ငံများသို့သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းများ ဖွင့်လှစ်ပို့ချနေမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများနှင့် မိမိအစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမား ဌာနစုတွင် လည်းကောင်း၊ ပြည်ပနိုင်ငံများမှ ခွင့်ပြန်အလုပ်သမားများအတွက် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (တိုင်း ဒေသကြီးရုံး) တွင်လည်းကောင်း ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) များကို စိစစ် ခွင့်ပြုထုတ်ပေးလျက်ရှိသည်။

၁၉၉၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီ အစီအစဉ်ဖြင့်လည်းကောင်း၊ မိမိအစီအစဉ် ဖြင့်လည်းကောင်း၊ ခွင့်ဖြင့်ပြန်လာသူများကိုလည်းကောင်း OWIC ပြုလုပ်ပေးလျက်ရှိရာ ထိုင်းနိုင်ငံ သို့ ၁၁၁၀၅၉၅ ဦး၊ စင်ကာပူနိုင်ငံသို့ ၅၂၀၃၅ ဦး၊ ကိုရီးယားနိုင်ငံသို့ ၆၄၃၆၄ ဦး၊ ဂျပန်နိုင်ငံသို့ ၆၀၀၁၃ ဦး၊ မလေးရှားနိုင်ငံသို့ ၃၈၅၅၆၆ ဦးအပါအဝင် ပြည်ပ နိုင်ငံ ၉၃ နိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်မည့် အလုပ်သမား ၁၆၈၄၉၃၄ ဦးကို OWIC ကတ်ပြုလုပ်ခွင့်ပြု၍ စေလွှတ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်