ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးပရိဝုဏ်တွင် ယနေ့ညနေပိုင်းမှ စတင်၍ တန်ဆောင်တိုင်မီးထွန်း ပွဲတော်အားစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
အဆိုပါပွဲတော်တွင် ဆီမီး ၉၀၀၀ ကပ်လှူပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များ ရွတ်ဆိုခြင်း၊ မီးရှူးမီးပန်းများပစ်လွှတ်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ခြင်း၊ နာမည်ကျော်တေးသံရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ ဖွင့်လှစ်၍လည်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်း စသည့်အစီအစဉ်ကောင်းများဖြင့် ကျင်းပပေးလျက်ရှိရာ ပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ကုသိုလ်ယူလာရောက်ဆင်နွှဲကြသည့် ဘုရားဖူးလာ ပြည်သူများ၏ ဝမ်းသာပီတိစကားသံများ ကို မေးမြန်းရေးသား ဝေမျှလိုက်ရပါသည်။
ဒေါ်သီတာလွင်(ဝတ်ရွတ်အသင်း)
ကျွန်မတို့ဝတ်ရွတ်အသင်းက မာရဝိဇယဘုရားကြီး ရင်ပြင်တော်မှာ ဩကာသကန်တော့ချိုးနဲ့ ပထမဆုံး ကန်တော့မှာ ဖြစ်ပါတယ်။ ပြီးရင် ငါးပါး သီလဆောက်တည်မှာ ဖြစ်ပါတယ်။ ၂၄ ပစ္စည်းပဋ္ဌာန်း ၉ခေါက်၊ မေတ္တသုတ်၊ ရတနသုတ်၊ မေတ္တာပို့၊ နတ်ပို့၊ အမျှပေး ဝေတို့ကို ရွတ်ဖတ်ပူဇော်သွားမှာ ဖြစ်ပါတယ်။ နေ့ထူးနေ့မြတ် အခါသမယမှာ ဘုရားကြီးရင်ပြင်မှာ အသံဒါနပြုရွတ်ဖတ် ပူဇော်ရတဲ့အတွက် အတိုင်းမသိဝမ်းသာ ပီတိဖြစ်ရပါတယ်။ နောင်အခါတွေလည်း အခုလိုမျိုး ရွတ်ဖတ်ပူဇော်ဖို့ ဖိတ်ကြားမယ်ဆိုရင် အမြဲတမ်းရွတ်ဖတ်သွားမှာ ဖြစ်ပါတယ်။ အခုလိုမျိုး ရွတ်ဖတ်ပူဇော် ရတဲ့အကျိုးအတွက် ကိုယ့်မိသားစုတင် မဟုတ်ဘဲ မြန်မာနိုင်ငံမှာရှိတဲ့ ခုနစ်ရက်သားသမီးအားလုံး ဘေးဘယာကင်းဝေးစေဖို့အတွက် အားလုံးက ရွတ်ဖတ်ပူဇော်တဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ ကျွန်မကရွတ်ဖတ်ပူဇော်တဲ့ အစီအစဉ်အပြင် ဖျော်ဖြေရေး အစီအစဉ်မှာလည်း ပါဝင်ပါတယ်။ မာရဝိဇယဘုရားကြီးမှာ ပထမဆုံးအကြိမ် မီးပုံးပျံလွှတ်တင် ထွန်းညှိပူဇော်ပွဲနဲ့ မသိုးသင်္ကန်းရက်လုပ် ပူဇော်မယ့်အစီအစဉ်တွေလည်း ရှိပါတယ်။ အဲဒါကြောင့် ဘုရားကြီးကို လာရောက်ဖူးမြော်ကြပါလို့ ပြောချင်ပါတယ်။
မခင်မေနိုင်း(မြန်မာနိုင်ငံကြက်ခြေနီအသင်း)
ကျွန်မက မြန်မာနိုင်ငံကြက်ခြေနီအသင်း တပ်ကုန်းမြို့ဌာနခွဲက လာရောက်တာဝန်ထမ်းဆောင်တာ ဖြစ်ပါတယ်။ ကျွန်မတို့အသင်းက မာရဝိဇယဘုရားကြီးရဲ့ နေရာတွေအနှံ့မှာ တာဝန်ချထားပါတယ်။ ကျွန်မတို့က ဘုရားဖူးပြည်သူတွေ ကျန်းမာရေးတစ်စုံတစ်ရာ ချို့ယွင်းရင် ရှေးဦးသူနာပြုနည်းနဲ့ အရင်စောင့်ရှောက်သွားမှာ ဖြစ်ပါတယ်။ အရေးပေါ်လိုအပ်ရင်တော့ ဆေးရုံကြီးကို ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ အခုလိုနေ့ထူးနေ့မြတ်မှာ ကိုယ်တတ်ကျွမ်းတဲ့ အတတ်ပညာနဲ့ ပြည်သူတွေကို ကူညီစောင့်ရှောက်ခွင့်ရတဲ့အတွက် အလွန်ဝမ်းသာ ပီတိဖြစ်မိပါတယ်။ ဘုရားကြီးမှာ ကုသိုလ်ပြုရင်း တစ်ခါမှမမြင်ဖူးတဲ့ မီးပုံးပျံလွှတ်တင်တာတွေလည်း မြင်ဖူးရတော့ အလွန်ပျော်မိပါတယ်။
မဇင်မာအောင် (ဘုရားဖူးပြည်သူ)
ကျွန်မက မာရဝိဇယဘုရားကြီးကို အရင်ကလည်း လာရောက်ဖူးမြော်ဖူးပါတယ်။ ဒီနေ့မှာတော့ ရွာမှာရှိတဲ့သူတွေနဲ့ စုပေါင်းပြီး လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ ဘုရားကြီးမှာ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပြီး ထူးထူးခြားခြား မီးပုံးပျံလွှတ်တင်မယ်လို့ ကြားသိရလို့ လာရောက်တာဖြစ်ပါတယ်။ အခု ဘုရားဖူးပြီးသွားရင် ဈေးအရောင်းဆိုင်ခန်းတွေနဲ့ တေးဂီတဖျော်ဖြေပွဲတွေကို သွားကြည့်မှာ ဖြစ်ပါတယ်။ ဘုရားကြီးကို အရင်က နေ့ခင်းဘက်တွေပဲ လာရောက်ဖူးမြော်တာ ဖြစ်ပါ တယ်။ အခုလို ညဘက်ကြီး လာရောက်ဖူးမြော်ရတော့ ပိုပြီးပီတိဖြစ်ရပါတယ်။ ဘုရားကြီးနဲ့ မီးပုံးပျံတွေနဲ့ ပနံတင့်ပြီး ကြည်ညိုလို့မဆုံး ဖြစ်မိပါတယ်။
ဦးဝင်းသန်း (ဘုရားဖူးပြည်သူ)
နိုင်ငံပိုင်မီဒီယာတွေကနေတစ်ဆင့် မာရဝိဇယဘုရားကြီးမှာ တန်ဆောင်တိုင် ပွဲတော်ပြုလုပ် မယ်ဆိုတာ သိရှိခဲ့ပါတယ်။ ဒါကြောင့် လာရောက်ပြီး ပါဝင်ဆင်နွှဲခြင်း ဖြစ်ပါတယ်။ ဘုရားကြီးကို ရောက်ရှိ လာတော့လည်း ပွဲတော်အတွက်ပြင်ဆင် ဆောင်ရွက်ထားမှုတွေဟာ အင်မတန်မှ ဝမ်းသာကြည်နူးဖြစ်မိပါတယ်။ တစ်သက်မှာ တစ်ခါဒီလိုမီးပုံးပျံ လွှတ်တင်ပူဇော်မှုကို အနီးကပ်မမြင်ဖူးခဲ့ပါဘူး။ ဒီလိုထူးခြား တဲ့မြင်ကွင်းတွေကို ဖန်တီးပေးတဲ့တာဝန် ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ဘုရားကြီးကို ဆီမီး ၉၀၀၀ ထွန်းညှိပူဇော် မှုမြင်ကွင်းကလည်း အတော်လေးကို ကြည်ညိုဖို့ကောင်းပါတယ်။ နောက်ရက်တွေမှာလည်း ဘုရားကြီးမှာ မသိုးသင်္ကန်း ရက်လုပ်မှာဖြစ်တဲ့အတွက် လာရောက်ဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေ အနေနဲ့လည်း ထူးခြားလှတဲ့တန်ဆောင် တိုင်ပွဲတော်မှာ လာရောက်ကုသိုလ်ယူ ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်လိုပါတယ်။
ဦးတင်ထူး(ဘုရားဖူးပြည်သူ)
မာရဝိဇယဘုရားကြီးမှာ တန်ဆောင် တိုင်ပွဲတော်အဖြစ် ဆီမီးပူဇော်ပွဲတွေနဲ့ မီးပုံးပျံလွှတ်တင် ပူဇော်ပွဲတွေရှိတယ်လို့ သိရတဲ့အတွက် လာရောက်ဆင်နွှဲခြင်း ဖြစ်ပါတယ်။ တောင်ကြီးတန်ဆောင်တိုင်ပွဲကိုလည်း မသွားနိုင်တဲ့အတွက် အခုလိုနေပြည်တော်မှာ ဒီလိုပြုလုပ်ပေးတဲ့အတွက် တန်ဆောင်တိုင်ကာလရဲ့ စိတ်ခံစားမှုအပြည့်အဝ ရရှိခဲ့ပါတယ်။ အခုလို တန်ဆောင်တိုင်မီးထွန်းပွဲတော် ပြုလုပ်ပေးတဲ့အတွက် မာရဝိဇယဘုရားကြီးဟာ လည်း ပိုမိုသပ္ပာယ်ပြီး ကြည်ညိုစရာ ကောင်းလှပါတယ်။ ဘုရားကြီးအပြင်ဘက်က ပွဲဈေးတန်းတွေသွားရောက်ပြီး အားပေးဦးမှာဖြစ်ပါတယ်။ မသိုးသင်္ကန်းရက်လုပ်ပြီး လပြည့်နေ့မှာ ဆက်ကပ်ပူဇော်ဦးမှာဖြစ်တဲ့အတွက် ဒေသခံပြည်သူများအပြင် အနယ်နယ်အရပ်ရပ်ကပြည်သူတွေလည်း လာရောက်ကုသိုလ်ယူဆင်နွှဲကြဖို့ တိုက်တွန်းလိုပါတယ်။
တွေ့ဆုံမေးမြန်း-မျိုးဆက်သစ်
ဓာတ်ပုံ-ဂျိုင်းလော
