Skip to main content

ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ ထုတ်ကုန်စက်ပစ္စည်းများနည်းပညာပြပွဲ၊ စက်မှုထုတ်ကုန်ပစ္စည်း များပြပွဲနှင့် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်ဖွင့်ပွဲ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ ၂ဝ၂၃ ခုနှစ် ထုတ်ကုန် စက်ပစ္စည်းများ နည်းပညာပြပွဲ၊ စက်မှုထုတ်ကုန်ပစ္စည်းများပြပွဲနှင့် တန်ဆောင်တိုင် ဈေးရောင်းပွဲတော်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ UMFCCI နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အခမ်းအနားကို တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် စက်မှုဇုန်များမှ ဇုန်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ယခင်သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် မီးထွန်းပွဲတော်တွင် ရွှေတိဂုံစေတီတော်အား အလှပန်းခင်းများဖြင့် ပူဇော်ထားရှိသည့် ပန်းပြပွဲတွင် ဆုရရှိသော ရန်ကုန်တိုင်းဒေသကြီး စည်ပင်(ပြင်ပ)မြို့နယ်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယ မြို့တော်ဝန် ဦးညီညီနှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုငွေများချီးမြှင့်သည်။

ထို့နောက် ဘင်ခရာအဖွဲ့များနှင့် ပန်းဖွားအကများဖြင့် ဖျော်ဖြေကြရာ တိုင်းဒေသကြီးဝန်ကြီးများက ဂုဏ်ပြုငွေများ ချီးမြှင့်ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေး ကြသည်။

အဆိုပါ ပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ လုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စား၊အလတ်စား MSME လုပ်ငန်း ရှင်များ၏ ထုတ်ကုန်အရောင်းပြခန်းများ၊ ဆန်၊ ဆီ အရောင်းဆိုင်များ၊ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ လာရောက်ရောင်းချသော ထုတ်ကုန်ပစ္စည်း အရောင်းပြခန်းများအပါအဝင် ဆိုင်ခန်းပေါင်း ၅၀၀ ခန့် ပြသရောင်းချသွားမည်ဖြစ်သည်။

ပွဲတော်ရက်များအတွင်း နေ့စဉ် E-Sport Game ပြိုင်ပွဲများ၊ စတုဒိသာ ကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် ဟာသပညာရှင်များ၏ ဖျော်ဖြေ တင်ဆက်မှုများ၊ Circus ၊ မျက်လှည့် ၊ Dancer များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ မီးရှူး မီးပန်းပစ်ဖောက်မည့် အစီအစဉ်များကို ကြည့်ရှုခံစားနိုင်ကြမည်ဖြစ်ပြီး ပွဲတော်လာပြည်သူများ သွားရေးလာရေး လွယ်ကူစေရန် အကြို/အပို့ ကားများ စီစဉ်ထားရှိပေးထား ကြောင်းနှင့်ပွဲတော်အား နိုဝင်ဘာ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်