နေပြည်တော် နိုဝင်ဘာလ ၂၅
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့်စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိပါသည်။
ထိုသို့လွှဲပြောင်းပေးအပ်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း တရုတ်နိုင်ငံသား အမျိုးသား ၇၁၅ ဦး၊ အမျိုးသမီး ၁၀၀ ဦး၊ စုစုပေါင်း ၈၁၅ ဦး ကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၇၂၆၆ ဦး၊ အမျိုးသမီး ၇၂၇ ဦး၊ စုစုပေါင်း ၇၉၉၃ ဦး တို့ကို ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများဆောင်ရွက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
