Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လယ်ဝေးမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသ၊ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း စတုတ္ထနေ့အဖြစ် ဆက်လက်ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၂၄

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် MEVM စက် ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လယ်ဝေးမြို့နယ်အတွင်း စတုတ္ထနေ့အဖြစ် လယ်ဝေးမြို့နယ် စည်ပင်သာယာရေး ကော်မတီ သီရိမင်္ဂလာခန်းမ၌ ဆက်လက်ဆောင်ရွက်သည်။

ဦးစွာ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးအောင် စိုးဝင်းနှင့် တာဝန်ရှိသူများက MEVM စက်တည်ဆောက်ပုံအကြောင်းအရာများ၊ အသုံးပြုပုံနည်းလမ်းများ၊ စက်နှင့်စပ်လျဉ်းသည့် အချက်အလက်များကို မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ သိရှိနားလည်ပြီး ကောင်းမွန်စွာ အသုံးပြုဆောင်ရွက်နိုင်သည်အထိ ရှင်းလင်းပြောကြား၍ လက်တွေ့သရုပ်ပြသည်။

ဆက်လက်၍ မဲဆန္ဒရှင်ပြည်သူများ စမ်းသပ်မဲပေးရာတွင် မဲပေးစက်၏ ထိန်းချုပ်စက် (Control Unit) ကို ကိုယ်တိုင်ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များ တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန် စိစစ်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ခဲ့ကြပြီး အချိန်တိုအတွင်း ဆန္ဒမဲများကို ပွင့်လင်းမြင်သာမှုရှိစွာ မှန်မှန်ကန်ကန် မဲပေးနိုင်ခြင်း၊ ပယ်မဲများ မရှိနိုင် တော့ခြင်း၊ မဲမသမာမှု မပြုလုပ်နိုင်ခြင်းတို့ကို လက်တွေ့သိရှိခဲ့ရသည့်အတွက် မဲပေးစက်အပေါ် စိတ်ချယုံကြည်မှု အပြည့်ဖြင့် စမ်းသပ်မဲပေးခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့မှ ကိုယ်စားလှယ်များ၊ နောင်ဘိုကျေးရွာအုပ်စု၊ ပြောင်ခေါင်းကြီးကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာအုပ်စု၊ တည်ထောင် ကျေးရွာအုပ်စု၊ သော်မှော်ကုန်း ကျေးရွာအုပ်စု၊ ကူသပိတ်ကျေးရွာအုပ်စု၊ ကြောင်ရေကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာအုပ်စု၊ သဲကောကြီးကျေးရွာအုပ်စု၊ ရွှေပြည်အေးကျေးရွာအုပ်စု၊ အောင်သာကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာအုပ်စုနှင့် ရဘိန်းကျေးရွာအုပ်စုတို့မှ အုပ်ချုပ် ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ ၅၄၉ ဦးရှိခဲ့ပြီးလယ်ဝေးမြို့နယ်၌ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည့် နိုဝင်ဘာ၂၁ ရက်မှ ၂၄ ရက်အတွင်း စမ်းသပ်မဲပေးသူစုစုပေါင်း ၂၃၀၆ဦးရှိ ကြောင်း သိရသည်။

သတင်းစဉ်