နေပြည်တော် နိုဝင်ဘာ ၂၄
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးလုပ်ငန်း ဆိုင်ရာကျွမ်းကျင်မှုမွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၃)နှင့် ဒု-ဦးစီးမှူး (စက်/လျှပ်) များ လုပ်ငန်းခွင်ဝင် မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ အသိပညာ၊ အတတ်ပညာ တိုးပွားစေရေး မွမ်းမံသင်တန်းများ၊ အရည်အချင်းမြှင့်သင်တန်းများကို ဖွင့်လှစ်ပို့ချပေးနေခြင်းဖြစ်သဖြင့် ဝန်ကြီးဌာနအတွက် အထောက်အကူပြုနိုင်မည့် ဝန်ထမ်းကောင်းများ ပေါ်ပေါက်လာနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ငန်းခွင်အသီးသီးသို့ ပြန်ရောက်သည့်အခါ သင်တန်းကရရှိခဲ့သော အတွေ့အကြုံများကို လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိအသုံးချပြီး ပေးအပ်လာသည့် တာဝန်နှင့်ဝတ္တရားများကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ယူ၊ တာဝန်ခံနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်ရေး ကျင့်ကြံနေထိုင်သွားကြရန်နှင့် ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးတို့ကို စိတ်ကောင်း၊ စေတနာကောင်းအပြည့်ဖြင့် ဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများ၊ အင်ဂျင်နီယာဝန်ထမ်းကောင်းများဖြစ်အောင် စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ဆောင်ရွက် သွားကြရန်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုမွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၃) တွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိသူများကို လည်းကောင်း၊ ဒုတိယဝန်ကြီးက ဒု-ဦးစီးမှူး (စက်/လျှပ်) များ လုပ်ငန်းခွင်ဝင် မွမ်းမံသင်တန်း အမှတ်စဉ် (၁/ ၂၀၂၃)တွင် ပထမ၊ ဒုတိယ၊ တတိယထူးချွန်ဆုရရှိသူများကိုလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များကို သင်တန်းသားများထံ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး ဥတ္တရသီရိမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု၊ ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ မီတာဘေလ်ငွေကောက်ခံနေမှု၊ မီးသုံးစွဲသူပြည်သူများအပေါ် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ဆောင်ရွက်ထားမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ကြည်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုထံသို့ ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် ဗို့အားပြည့်ဝတည်ငြိမ်ပြီး အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးပို့နိုင်ရေး၊ ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး တို့အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံးဆက်စပ်ပစ္စည်းများအား စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့လုပ်ငန်းသည် ပြည်သူကိုဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သည့်အတွက် ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှုပေးရန်နှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့်ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ရုံးလုပ်ငန်းသုံးပစ္စည်းများအား စနစ်တကျ ထိန်းသိမ်းထားရှိရန်နှင့် ဆက်လက်သုံးစွဲရန် မသင့်တော့သည့် ပစ္စည်းများကိုလည်း သတ်မှတ်လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်