Skip to main content

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၄

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်သော သွင်းအားစု များကို စိုက်ပျိုးရာသီ အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီစွာဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူအသုံးပြု နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းပြီး သွင်းအားစု ရည်ညွှန်းဈေးနှုန်းများကို ပုံမှန်ထုတ်ပြန်ပေးပြီး ရန်ကုန်အထိုင်ဈေးနှုန်း၊ ပုံမှန်ရောင်းဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ဆောင်းရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ သည့် စီမံကိန်းလုပ်ငန်းများအတွက် ယူရီးယား(အလုံး သေး) ကီလို ၅၀ တစ်အိတ်လျှင် ငွေကျပ် ၆၄၀၀၀၊ (အလုံးကြီး) ကီလို ၅၀ တစ်အိတ်လျှင် ငွေကျပ် ၇၅၀၀၀၊ ကွန်ပေါင်း ကီလို ၅၀ တစ်အိတ်လျှင် ငွေကျပ် ၁၁၅၀၀၀ နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ပြီး လာမည့်ဆောင်းသီးနှံ စိုက်ပျိုးရေးအတွက် ရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ပေးထားကြောင်း။

အမှန်တကယ် တင်သွင်းရန် လိုအပ်သည့် တန်ချိန်ပမာဏကို ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း၊ အရည်အသွေး၊ စံချိန်စံညွှန်း အာမခံချက်ရှိ ရန်၊ ဈေးနှုန်းမှန်ကန်သက်သာရန်၊ လိုအပ်သည့် နည်း ပညာနှင့် ဝန်ဆောင်မှုများပေးရန် စသည့် ယှဉ်ပြိုင်မှုရှိရန် လိုအပ်ကြောင်း၊ လုပ်သာကိုင်သာရှိပြီး လုပ်ငန်း ရှင်နှင့် တောင်သူနှစ်ဖက်အကျိုးရှိသည့် အခြေအနေမျိုး ဖန်တီးပေးရန်လိုအပ်ကြောင်း၊ နိုင်ငံခြားငွေ သုံးစွဲမှု သက်သာပြီး သွင်းကုန်အစားထိုးနိုင်မည့် အလုပ်အကိုင်ဖန်တီးပေးနိုင်သည့် တင်သွင်းထုတ်လုပ်မှုမျိုးကို စဉ်းစားသင့်ကြောင်း၊ သဘာဝမြေဩဇာထုတ်လုပ်သုံးစွဲမှုကိုလည်း မြှင့်တင် အားပေးဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် ဦးဆောင်ကော်မတီ အတွင်းရေးမှူးတို့က ယူရီးယားမြေဩဇာ ဝယ်ယူ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများကိုလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌက ဦးဆောင်ကော်မတီ၏ စိစစ်ထောက်ခံချက်များအရ နိုင်ငံခြားသုံးငွေဝယ်ယူရရှိမှု၊ သွင်းကုန်လိုင်စင်ရရှိမှု၊ တင်သွင်းရောက်ရှိမှု၊ ဖြန့်ဖြူးရောင်းချပြီးစီးမှုနှင့် ရောင်းချဈေးနှုန်းများကိုလည်းကောင်း၊ တက်ရောက်လာကြသော ဦးဆောင်ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး တောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ယူရီးယားမြေဩဇာနှင့် သွင်းအားစုများ အချိန်မီတင်သွင်းဝယ်ယူဖြန့်ဖြူးရောင်းချရေးသည် အရေးကြီးကြောင်း၊ ဈေးလှောင်၊ ဈေးကစားခြင်းမျိုးမရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူအားလုံးက ဝိုင်းဝန်းပူးပေါင်း ကြီးကြပ်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်