နေပြည်တော် နိုဝင်ဘာ ၂၄
ဆေးဝါးအင်ဂျင်နီယာပညာရပ် အရာရှိအဆင့်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) ဆေးဝါးသမိုင်းပြခန်း၌ ကျင်းပသည်။
အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာတွင် ထုတ်လုပ်မှုအနေဖြင့် အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၃) အကြီးစား စက်မှုလုပ်ငန်း၊ မြန်မာ့ဆေးဝါးလုပ်ငန်းတို့မှ ဆေးဝါးအမျိုးမျိုးတို့ကို ထုတ်လုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးဝါးစက်ရုံ (အင်းစိန်)ကို ၁၉၅၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဆေးဝါးများကို ဗြိတိသျှဆေးကျမ်း၊ အမေရိကန်ဆေးကျမ်းတို့နှင့်အညီ ထုတ်လုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးအနောက်တိုင်းဆေးဝါးထုတ်လုပ်သော နိုင်ငံပိုင်စက်ရုံတစ်ရုံဖြစ်ကြောင်း၊ ဆေးဝါးစက်ရုံ (အင်းစိန်) သည် BPI Brand နှင့် BPI ဆေးဝါးများ၏ အရည်အသွေးကို နှစ်ပေါင်းများစွာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း။
ပြည်တွင်းဆေးဝါး ထုတ်လုပ်မှုအနေဖြင့် နိုင်ငံ၏ ဆေးဝါးလိုအပ်ချက်ကို ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိသာ ဖြည့်ဆည်းပေးနိုင်ပြီး ကျန်လိုအပ်ချက်များကို ပြည်ပမှတင်သွင်းရ၍ ပြည်တွင်းလိုအပ်ချက်ပြည့်မီရေးအတွက် ဆေးဝါးထုတ်လုပ်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးဝါးများ တိုးမြှင့်ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိသည်နှင့်အညီ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအတွက်လည်း ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်ကို တွေ့ရှိရ၍ ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။
ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများသည် သာမန်စက်မှုလုပ်ငန်းမဟုတ်ဘဲ စံချိန်စံညွှန်းထိန်းသိမ်းရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် သတ်မှတ် စံချိန်စံနှုန်းများအတိုင်း ထုတ်လုပ်ရမည့် စက်မှုလုပ်ငန်းဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်နေသည့် အရာထမ်းများအနေဖြင့် ဆေးဝါးနှင့်သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်နေရမည်ဖြစ်ကြောင်း၊ ဆေးဝါးစက်ရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများသည် စက်မှု၊ လျှပ်စစ်၊ အီလက်ထရောနစ်နှင့် စက်ကိရိယာအင်ဂျင်နီယာများ၊ ဆေးဝါးကျွမ်းကျင်များ၊ အဏုဇီဝပညာရှင် များ၊ အခြားဘွဲ့ရများ၊ အရည်အသွေးစစ်ဆေးရေးနှင့် အရည်အသွေး အာမခံဆောင်ရွက်နေသည့် သိပ္ပံပညာရှင်များ အစရှိသည့် ပညာရပ်မျိုးစုံရှိနေပြီး အဆိုပါဝန်ထမ်းများသည် ဆေးဝါးထုတ်လုပ်မှုဆိုင်ရာနည်းစဉ်အားလုံးနှင့် သက်ဆိုင်နေကြသူများဖြစ်သည့်အတွက် ဆေးဝါးအင်ဂျင်နီယာပညာရပ်ပိုင်းဆိုင်ရာ ဘာသာရပ်ကို ထပ်မံ၍ ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းအား ကျွမ်းကျင်မှုအခြေပြုပညာရေးစနစ်ဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်၍ သင်တန်းသားများအနေဖြင့် ဆရာများ၏ သင်ကြားပြသမှု၊ လမ်းညွှန်မှုများကို အချိန်တိုအတွင်း သိရှိပြီး ကိုယ်ပိုင်အချိန်များတွင်လည်း ကိုယ်တိုင်လေ့လာသိရှိဆောင်ရွက်ရသည့်အတွက် မိမိ၏ လေ့လာနိုင်မှုစွမ်းအားများ ပိုမိုတိုးတက်လာမည်ဖြစ်သည့်အပြင် သင်တန်းတွင် ပြန်လည်ဆွေးနွေးနိုင်၍ တစ်ဦးချင်းစွမ်းဆောင်ရည်များ မြှင့်တင်နိုင်သည့် အလေ့အကျင့် ကောင်းများ ရရှိနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား သင်တန်းသူများကို သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းနည်းပြဆရာ ဆရာမများကို ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။
အဆိုပါ သင်တန်းကို နိုဝင်ဘာ ၁၆ ရက်မှ ၂၄ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်း၌ ဆေးဝါးအင်ဂျင် နီယာပညာရပ်များကို လက်တွေ့နယ်ပယ်တွင် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိ ဆရာကြီး ဆရာမကြီးများက သင်ကြားပေးခဲ့ကြောင်းနှင့် သင်တန်းသား သင်တန်းသူ ၃၂ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်