နေပြည်တော် နိုဝင်ဘာ ၂၄
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်ပြီး Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) အမှတ်စဉ် (၃၈) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယနေ့ဆွေးနွေးမည့် “စီမံချက် အဆိုပြုလွှာတစ်စောင် ရေးသားခြင်းနှင့် စီမံချက်ဆိုင်ရာ စီမံခန့်ခွဲ မှု” ခေါင်းစဉ်သည် သိသင့်သိထိုက်ပြီး ပြန်လည်အသုံးချနိုင်သည့် အကြောင်းအရာဖြစ်ကြောင်း၊ အရာထမ်း/ အမှုထမ်းများအနေဖြင့် စီမံကိန်း/ စီမံချက်၏အဓိပ္ပာယ်ကို နားလည်ပြီး စီမံချက်အဆိုပြုလွှာ(Project Proposal)ရေးဆွဲကာ စီမံကိန်းလုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ၊ ကြုံတွေ့နိုင်သည့် အခက်အခဲများ၊ အကောင်းအဆိုးရလဒ်များနှင့် စီမံချက်အကောင်အထည်ဖော်ရာတွင် ရည်ရွယ်ချက်အတိုင်း ပြီးမြောက်အောင်မြင်စေရေးအတွက် အဆင့်ဆင့်စီမံခန့်ခွဲဆောင်ရွက်ရမှုများကိုပါ သိရှိနားလည်လာစေမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ကုမ္ပဏီလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရသောကြောင့် စီမံကိန်း/ စီမံချက်ရေးဆွဲမှုကိုလည်း သိရှိထားသင့်ကြောင်း ပြောကြားသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက “စီမံ ချက် အဆိုပြုလွှာတစ်စောင် ရေးသားခြင်းနှင့် စီမံချက်ဆိုင်ရာ စီမံခန့်ခွဲမှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသူများက မိမိတို့ဝန်ကြီးဌာန၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံချက်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ စီမံချက်အဆိုပြုလွှာရေးဆွဲရေးနှင့်စပ်လျဉ်း၍ တွေ့ကြုံသည့် မမျှော်မှန်းနိုင်သော အခက်အခဲများနှင့် လက်ရှိရေးဆွဲလျက်ရှိသော စီမံချက်အဆိုပြုလွှာများ၏ အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း ပြန်လည်ဆွေးနွေး အသိပညာမျှဝေဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်