ရန်ကုန် နိုဝင်ဘာ ၂၄
ရေဘေးဒဏ်ခံစားခဲ့ရသည့် လှည်းကူးမြို့နယ် စာရေးဆရာအသင်းဝင်များအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ လှူဒါန်းသည့် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) နှင့် အဖွဲ့ဝင်များ၊ လှည်ကူးမြို့နယ် စာရေးဆရာအသင်းဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရေဘေးဒဏ်ခံစားခဲ့ရသည့် လှည်းကူးမြို့နယ် စာရေးဆရာအသင်းဝင်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လှူဒါန်းသည့်ငွေများကို ယနေ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဘက်ပေါင်းစုံမှနေ၍ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဒေသအတွင်း လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးတို့အတွက် လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
ကြည့်ရှုစောင့်ရှောက်
နိုင်ငံတော်က စာပေလောကသားများ၊ စာပေပညာရှင်စာရေးဆရာကြီးများအား တတ်စွမ်းသရွေ့ ကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကိစ္စရပ်များတွင် သတင်းတု၊ သတင်းမှားများကြောင့်၊ တိုင်းရင်းသားပြည်သူများ ပိုမိုဒုက္ခရောက် စေမည့်ဘေးမှ ကင်းဝေးနိုင်စေရေးအတွက် စာပေပညာရှင် စာရေးဆရာကြီးများက မိမိတို့ နားလည် တတ်ကျွမ်းသည့် စာပေကလောင်စွမ်းအားဖြင့် နိုင်ငံနှင့် လူမျိုးအတွက် သတင်းတု၊ သတင်းမှား များကို တိုက်ထုတ်ချေဖျက်၍ သတင်းမှန်များ ဖော်ပြရေးသားပေးကြစေလိုပါကြောင်း ပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရေကြီးနစ်မြုပ်စဉ်ကာလအတွင်း ထောက်ပံ့မှုများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြီး ကူညီမှုများဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် နောင်တွင် ရေကြီးနစ်မြုပ်ဒဏ်မှ ကာကွယ်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ လှူဒါန်းသည့် ထောက်ပံ့ငွေများကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပေးအပ်ရာ လှည်းကူးမြို့နယ် စာရေးဆရာအသင်းဝင်များကိုယ်စား တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
ထောက်ပံ့ငွေများ ပေးအပ်
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် လှည်းကူးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်