နေပြည်တော် နိုဝင်ဘာ၂၄
၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်ငူမြို့နှင့် ပြည်မြို့တို့ရှိ တရားရုံးများအပါအဝင် အကျဉ်းထောင်များအတွင်းရှိ အထူးတရားရုံးများကို ဒရုန်းဖြင့် ဗုံးချအကြမ်းဖက် တိုက်ခိုက်မည်ဆိုသည့်သတင်းများ ထွက်ပေါ်လာ၍ ပိတ်ထားကြောင်း၊ ရုံးတံခါးများအား အစောင့်တွေကို ဖွင့်ခိုင်းထားကြောင်းနှင့် မည်သည့်နေ့တွင် ရုံးပြန်ဖွင့်မည်ကို ကြေညာထားခြင်းများ မရှိကြောင်းတို့ကို တရားရုံးနဲ့ နီးစပ်သူများထံမှ သိရှိရကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြ၍ မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တရားရုံးများ ပိတ်ထားခြင်းမရှိကြောင်း၊ လုပ်ကြံသတင်းအမှားသာဖြစ်ကြောင်း ဥပဒေရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပြီး နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားတစ်ခုဖြစ်သည့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းဆောင်ရွက်ချက်များ ထိခိုက်ပျက်စီးစေရန်၊ နိုင်ငံ့ဝန်ထမ်းများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်၊ ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ပြီး အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေးမီဒီယာများက လုပ်ကြံသတင်းအမှားများအား ရေးသားဖြန့်ဝေလျက်ရှိသည့်အတွက် ပြည်သူများ သတင်းမှန်သိရှိနိုင်စေရန် နိုင်ငံပိုင်ရုပ်မြင်သံကြားများမှ အချိန်နှင့်တပြေးညီ ထုတ်လွှင့်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
