နေပြည်တော် နိုဝင်ဘာ ၂၄
ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၂၀ ရက်နေ့က စ၍ ရန်ကုန်တက္ကသိုလ်နှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးအကြောင်းပြပြီး လာရောက်တပ်စွဲထားကြောင်း မြို့ခံတွေဆီက သိရှိရတယ်လို့ မဟုတ်မမှန်သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ စာသင်ကျောင်းများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက တပ်စွဲထားခြင်းမရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပြီး နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ပြောကြားထားပြီး ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေနေမှုများသည် ပြည်ဖျက်မီဒီယာနှင့် အကြမ်းဖက်မှုအားပေးသည့် မီဒီယာအချို့တို့မှ ပညာရေးနှင့်ပတ်သက်၍ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည့် သတင်းတု၊ သတင်းအမှားများသာဖြစ်ပြီး မိဘပြည်သူများအနေဖြင့် မိမိတို့သားသမီးများ၏ ပညာရေးကို ဆက်လက်အားပေးသွားကြရန် လိုအပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
