Skip to main content

တစ်သက်တာလုံး ခင်ခင်တွယ်တွယ် မြတ်မြတ်နိုးနိုးရေးသားခဲ့တဲ့ ဂန္ထဝင်ကဗျာနဲ့ပဲဆုရတော့ အလွန်ပဲဝမ်းသာရပါတယ် (မောင်စိမ်းနောင်(လယ်ဝေး))

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ် ထုတ်ဝေခဲ့သည့်စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူများအား မြန်မာ့အလင်းမှ‌ တွေ့ဆုံမေးမြန်းမှုများကို ဆက်လက်‌ဖော်ပြလိုက်ပါသည်။

ဘာသာရပ်- ကဗျာ(ဂန္ထဝင်)

စာရေးသူ-မောင်စိမ်းနောင် (လယ်ဝေး)

စာအုပ်အမည်-ချစ်တေးသီပါ ကျေးတမာကဗျာများ

‘‘ဒီစာအုပ်လေး ထုတ်ချင်နေတာကြာပါပြီ။ ၂၀၁၇ လောက်ကတည်းကဆိုပါတော့။ မထုတ်ဖြစ်ခဲ့တာက ၂၀၁၇ ခုနှစ်မှာစပြီး မြန်မာဂန္ထဝင်ကဗျာနဲ့ ခေတ်ပေါ်ကဗျာကို အမျိုးသားစာပေဆုမှာ တစ်မျိုးစီတစ်ဆုစီပေးဖို့ကိစ္စ ပိုပြီးကျယ်ကျယ်လောင်လောင် ပြောလာဆိုလာရင်း မြန်မာဂန္ထဝင်ကဗျာနဲ့ ခေတ်ပေါ်ကဗျာကို တစ်မျိုးတည်းတစ်စားတည်းထား တစ်ဆုတည်းပဲပေးမယ်ဖြစ်သွားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုပေါ့။ ၂၀၁၆ အမျိုးသားစာပေဆုရသူတွေ အတည်ပြုကြ၊ ကြေညာကြတော့ မြန်မာဂန္ထဝင်ကဗျာလုံးဝမပါဘူး။ အဲဒီတစ်နှစ်တည်းလားဆိုတော့ မဟုတ်ဘူး။ နောက်နှစ်တွေ၊ နောက်နှစ်တွေလည်း မြန်မာဂန္ထဝင်ကဗျာအမျိုးသားစာပေဆုမှာ ပါမလာတော့ပါဘူး။ ဒီလိုနဲ့ထုတ်ဖို့ လက်တွန့်သွားရာက ဆက်တိုက်ဆိုသလို မထုတ်ဖြစ်တော့တာပါ။

ရုပ်ရှင်သရုပ်ဆောင်များအဖို့ အကယ်ဒမီဆု၊ ကျွန်တော်တို့စာရေး ဆရာများအဖို့တော့ အမျိုးသားစာပေဆုပေါ့။ ခုလိုတစ်သက်တာလုံး ခင်ခင်တွယ်တွယ် မြတ်မြတ်နိုးနိုးရေးသားခဲ့တဲ့ ဂန္ထဝင်ကဗျာနဲ့ပဲ ဆုရတော့ အလွန်ပဲဝမ်းသာရပါတယ်။ အခုရပြီဆိုတော့လည်း ကြည်နူးပီတိဖြစ်ရပါတယ်” ဟု ပြောသည်။

ဦးမျိုးထွန်း(မောင်စိမ်းနောင်-လယ်ဝေး)အား ၂၃ - ၄ - ၁၉၆၃ ရက်တွင် နေပြည်တော် လယ်ဝေးမြို့နယ် သဲကောကြီးရွာ၌ အဖ ဦးညွန့်မောင်၊ အမိဒေါ်ရီတို့မှ မွေးဖွားသည်။ မွေးချင်းငါးယောက်အနက် ဒုတိယဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သည်။ ၁၉၈၂ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ စစ်တက္ကသိုလ် အမှတ်စဉ်(၂၇) ဗိုလ်လောင်းသင်တန်းသို့ တက်ရောက်ခဲ့ပြီး ၁၉၈၆ ခုနှစ် ဧပြီ ၇ ရက်တွင် တပ်မတော်(ကြည်း) ပြန်တမ်းဝင်အရာရှိ၊ ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခံရသည်။ ဒုတိယဗိုလ်မှူးကြီး အဆင့်အထိ ၂၉ နှစ်ကြာတာဝန်များထမ်းဆောင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။ စာပေဗိမာန်တွင် စာတည်းမှူးချုပ်(ညွှန်ကြားရေးမှူး)အဖြစ် သုံးနှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မေလတွင် ဝန်ထမ်းဘဝမှ အနားယူခဲ့သည်။

ဘာသာရပ်- သုတပဒေသာ (အသုံးချသိပ္ပံ)

စာရေးသူ-စုလှိုင်တင့်

စာအုပ်အမည်- ဇီဝအန္တရာယ် ကျရောက်နိုင်ခြေများအား စီမံခန့်ခွဲခြင်း

‘‘စာရေးဖြစ်တာက ကိုဗစ်ကာလပေါ့၊ ကိုဗစ်ကာလမှာ အဓိကဓာတ်ခွဲခန်းတွေရဲ့ လိုအပ်တဲ့ဟာတွေကိုသိလာတာပေါ့။ အဲဒီအချိန်မှာ ကိုယ်တတ်ထားတဲ့ပညာလေးနဲ့ နိုင်ငံခြားကရတဲ့အတွေ့အကြုံလေးတွေ ပေါင်းစပ်ပြီးတော့ (ဦးဟန်မျိုးနောင်စာပေတိုက်)က ဆရာ ဦးဟန်မျိုးနောင်တို့၊ ဆရာဦးမျိုးဝင်းတို့က တိုက်တွန်းတာပေါ့။ ဒီမတိုင်ခင် ဘိုင်အိုတက်ကနော်လော်ဂျီ ကျောင်းသား ကျောင်းသူတွေနဲ့ ပေါင်းပြီးတော့ ဖေ့စ်ဘုတ်မှာ စာနည်းနည်းပါးပါးရေးသေးတယ်။ အဲဒါတွေကို သူတို့ကသိပြီးတော့ ဆက်သွယ်လာရာကနေ ဒီစာအုပ်ထုတ်ဖြစ်သွားတာပေါ့။

ဒါက ဒုတိယမြောက်စာအုပ်ပေါ့။ ရေးတာတစ်နှစ်ကျော်ကျော်ကြာတယ်။ ကိုဗစ်ကာလမှာ အချိန်တော်တော်ရသွားတယ်၊ လုံးဝ Stayhome ဖြစ်သွားတာ။ တစ်နေကုန်တစ်နေခန်း ကွန်ပျူတာ ရှေ့မှာထိုင်ပြီးတော့ကို ရေးဖြစ်တာ။ လိုတဲ့အချက်အလက်တွေကို ဝက်ဘ်ဆိုက်ကရှာဖတ်၊ ပြီးတော့ မြန်မာဘာသာပြန်ပြီး ပြန်ရေးတယ်။ အဲဒီလိုမျိုးကြိုးပမ်းအားထုတ်ခဲ့ရပါတယ်။ ကျွန်မတို့နိုင်ငံမှာ အသိပညာဖွံ့ဖြိုးတိုးတက်ဖို့ အများကြီးလိုသေးတယ်ဆိုတော့ ဖြစ်စေချင်တဲ့ဆန္ဒရှိတယ်၊ အခုလိုမျိုး နိုင်ငံတော်က အသိအမှတ်ပြုဆုချီးမြှင့် ခံရတယ်ဆိုတော့ ဂုဏ်ယူမိပါတယ်၊ အတိုင်းမသိဝမ်းသာပါတယ်’’ဟု ပြောသည်။

ဒေါ်စုလှိုင်တင့် (စုလှိုင်တင့်) သည် Yangon Technological University, Myanmar မှ ၂၀၁၅ ခုနှစ်တွင် Biotechnology ဆိုင်ရာ သိပ္ပံဘွဲ့ကိုရရှိခဲ့သည်။ Mandalay Technological University, Myanmar မှ Molecular Biotechnology အထူးပြုဘာသာရပ်ဖြင့် မဟာသိပ္ပံဘွဲ့ကို ၂၀၀၈ ခုနှစ်တွင်ရရှိခဲ့သည်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိဂျာမနီနိုင်ငံ Jacobs University, Bremen ၌ Research assistant အဖြစ်လည်းကောင်း၊ Institute for Molecular Infection Biology(IMIB)နှင့် University Hospital Wurzburg လက်အောက်ရှိ သုတေသနဓာတ်ခွဲခန်း၌ Technical assistant အဖြစ်လည်းကောင်း သုတေသနများလုပ်ဆောင်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံရှိ FHI360 အဖွဲ့အစည်း၏ Challenge TB Project ၌ Senior Laboratory Technical Officer အနေဖြင့် ၂၀၁၅ မှ ၂၀၁၉ ခုနှစ်အထိ အလုပ်လုပ်ခဲ့သည်။ ယခုလက်ရှိအချိန်တွင် ပြင်သစ် INGO အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Foundation Mérieux လက်အောက်ရှိ South-east Asia Laboratory Network (SEALAB)တွင် Country Project Manager အနေဖြင့် လုပ်ကိုင်လျက်ရှိသည်။‌

ဒေါ်စုလှိုင်တင့်အား အဖ ဦးအောင်မင်း၊ အမိဒေါ်ပိုးတို့မှ တနင်္သာရီ တိုင်း‌ဒေသကြီး မြိတ်မြို့၌ ၁၉၈၅ ခုနှစ်တွင်မွေးဖွားပြီး အကြီးဆုံးသမီးဖြစ်ကာ လက်ရှိတွင် ရန်ကုန်မြို့၌ နေထိုင်လျက်ရှိသည်။

ဘာသာရပ်- ရသစာတမ်း (အက်ဆေး)

စာရေးသူ - မြေလတ်မောင်မြင့်သူ

စာအုပ်အမည်-နာမည်လေးမွှေးလို့ ချစ်ချင်သည်

“လင်းလွန်းခင်စာပေက ထုတ်ပေးလိုက်တော့ တိုက်တိုက်ဆိုင်ဆိုင်ဒီစာအုပ်ကလေးက နာမည်လေးလှတယ်။ စာအုပ်လည်းလှတယ်။ ထွက်ကတည်းက မိတ်ဆွေအပေါင်းအသင်းတွေက ဒီစာအုပ်လေးက ချစ်စရာလေးဆိုပြီးအပြောခံရတယ်။ အဲဒီလိုနဲ့ ဒီစာအုပ်လေးကျွန်တော့်ရဲ့ ဝီရိယနဲ့ကြိုးစားမှုအပေါ်မှာ ထုတ်ဝေသူ လင်းလွန်းခင် စာပေတို့က စေတနာလေးထားပြီးတော့ ရှုံးတာမြတ်တာအဓိကမထားဘဲ စာပေစိတ်ကလေးနဲ့၊ စာပေသံယောဇဉ်လေးနဲ့ သူတို့ထုတ်ပေးလိုက်တဲ့အတွက် ဒီနှစ်၊ ဒီကာလမှာ၊ ၂၀၂၂ ခုနှစ်ရဲ့ ကာလထဲမှာ ဘောင်ဝင်သွားတယ်လို့ မြင်မိပါတယ်။ အဲဒီအတွက်ဝမ်းသာတာပေါ့ဗျာ။

ဆယ်တန်းသုံးနှစ်မြောက် ဖြေပြီးတော့ ၁၉၇၀ ပြည့်နှစ်မှာ အောင်သွားပါတယ်။ အဲဒီနောက် စာတွေဖတ်၊ လုပ်သားကောလိပ် ဒုတိယနှစ်ကျောင်းသားဘဝ ငွေတာရီမှာ ကဗျာဆရာဖြစ်နေပြီ။ ၁၉၇၃ ဧပြီလ ထုတ် ငွေတာရီမဂ္ဂဇင်းမှာ ငွေစေတနာဆိုတဲ့ ကဗျာရွေးချယ်ခံရပြီးတော့ ဧပြီလမှာပါလာတယ်။ အဲဒီအချိန်မှာ ကဗျာလောကကို စရောက်ပါတယ်။ အဲဒီနောက်တော့ ငွေတာရီ၊ မြဝတီ၊ ဒို့ကျောင်းသား၊ တေဇ၊ သပြေ၊ စန္ဒာ၊ သွေးသောက်မဂ္ဂဇင်းကို ဖြန့်ကြက်ရေးပြီးတော့ ရှုမဝကိုတိုးတာပါ။ အဲဒီလိုနဲ့ တောက်လျှောက်ရေးလိုက်တာ ပထမစရေးတာကတော့ ဝတ္တုတိုတွေရေးတာ။ ကျွန်တော်ပေါက်သွားတာကတော့ ကလေးကဗျာနဲ့ ပေါက်သွားတာ။ နိုင်ငံတော်စာပေဆုတွေရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ နိုင်ငံတော်စာပေဆုရသလို ပြည်သူကချစ်တဲ့ စာရေးဆရာလည်း ဖြစ်ချင်ပါတယ်။ ဝမ်းသာပီတိဖြစ်ရပါ တယ်” ဟု ပြောသည်။

ဦးခင်မောင်မြင့် (မြေလတ်မောင်မြင့်သူ)အား အဖ ဦးအောင်ချစ်၊ အမိဒေါ်အေးတို့မှ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် စာရပေအနောက်စုရွာတွင် ၁၉၅၀ ပြည့်နှစ်တွင် မွေးဖွားခဲ့သည်။ မွေးချင်းကိုးဦးအနက် အကြီးဆုံးဖြစ်ပြီး ရန်ကုန်မြို့တွင် မိသားစုနှင့်အတူ‌နေထိုင်သည်။

ဘာသာရပ်- မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ

စာရေးသူ- အောင်သျှန်ဝိုင်း (ကျိုက်မရော)

စာအုပ်အမည်-မြန်မာ့ဂီတသူရဲကောင်း စန္ဒရား ဒေါက်တာဦးရည်နွယ်

“စာအုပ်ထဲမှာ မြန်မာတို့ရဲ့ မဟာဂီတအကြောင်း၊ ခေတ်အဆက်ဆက်ဂီတပညာရှင်တွေအကြောင်း၊ ဦးရည်နွယ် နိုင်ငံအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ပုံတွေအကြောင်းအပြင်၊ ဦးရည်နွယ်တစ်ကိုယ် တော်စန္ဒရား၊ ပတ္တလားတီးပြီး၊ ဒေါ်ရီရီသန့် တစ်ကိုယ်တော်သီဆိုထားတဲ့ သီချင်းကြီး ၉၉ ပုဒ်ပါ စီဒီချပ်။ မဟာဂီတအခြေခံရိုး ၁၃ ပုဒ်ပါ စီဒီတစ်ချပ် အဲဒါတွေပါ လေ့လာသူတွေအတွက် ထည့်ထားပါတယ်။

ဆုရရှိတဲ့အတွက်ဝမ်းသာပါတယ်။ မာရသွန်ခရီး မနားတမ်းကောက်ပြေးလာတာ ရေကြည်တစ်ပေါက်လောက် သောက်လိုက်ရသလိုပါပဲ။ ကျွန်တော်တို့ အားထုတ်ထားတဲ့အပေါ် အလေးထားဖတ်ရှု၊ ရွေးချယ်အကဲဖြတ်ပေးတဲ့ ဝါရင့်သမ္ဘာရင့် ပညာရှင်တွေကိုလည်း လေးစားစွာ ကျေးဇူးတင်ပါ။ ကျွန်တော်ကတော့ စာတွေနဲ့ပဲဆက်လျှောက်၊ ဆက်ချီတက်နမှာပါ။ လူငယ်တွေကအခုလျှော့တွက်လို့မရပါဘူး။ အခုစာတကယ်ဖတ်နေကြတာက လူငယ်တွေပါ။ တကယ်ဖတ်ပြီး၊ တကယ်ထက်မြက်တဲ့ လူငယ်တွေအများကြီးရှိပါတယ်။ လူငယ်တွေလုပ်တဲ့ ပွဲတွေ၊ ဟောပြောပွဲတွေကို ကျွန်တော်တက်ဖူးပါတယ်။ လေ့လာချင်လို့သွားတာပါ။ အပျော်ပွဲတွေမဟုတ်ဘူး။ အခုစာအုပ် ထုတ်ဝေရေးလောကထဲကိုလည်း လူငယ်တွေဝင်လာကြပါပြီ။ တကယ်ရေးတဲ့ လူငယ်စာရေးဆရာတွေ၊ လူငယ်သတင်းထောက်တွေလည်း အများကြီးရှိနေပါပြီ”ဟု ပြောသည်။

ဦးလှမြင့်(အောင်သျှန်ဝိုင်း)အား အဖဦးသိန်းအောင်၊ အမိဒေါ်အေးချစ်တို့မှ ၁၉၅၆ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။

အာကာလင်း၊ ဓာတ်ပုံ - တင်စိုး