Skip to main content

နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက် မှတ်တမ်းစာအုပ်များ မိတ်ဆက်ဖြန့်ချိပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၂၇

နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက် မှတ်တမ်းစာအုပ်များ မိတ်ဆက်ဖြန့်ချိပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များမှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့ပြုလုပ်သည့် စာအုပ်မိတ်ဆက် ဖြန့်ချိပွဲသည် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန၏ အဓိက ဆောင်ရွက်ချက်ဖြစ်ပါကြောင်း၊ မိတ်ဆက်ခြင်းသည် အစိုးရ၏ ဆောင်ရွက်ချက်များကို အများ ပြည်သူသိဖို့ စာအုပ်များကို မိတ်ဆက်ခြင်းဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနသည် အစိုးရနှင့် အများပြည်သူအကြား ဆက်သွယ်ပေါင်းကူးပေးသည့် ဌာနဖြစ်သည်ဟု ခံယူပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည်   အများပြည်သူကို သတင်းအချက်အလက်ပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေ ပေးရန်တာဝန်များကို ထမ်းဆောင်ပါကြောင်း။

ယခုစာအုပ်စာတမ်းများသည် အများပြည်သူကို သတင်းအချက်အလက်ပေးရန် ဖြစ်ပါကြောင်း၊ နောက်တစ်ချက်မှာ နိုင်ငံတော်အစိုးရသည် အများပြည်သူက ရွေးကောက် တင်မြှောက်သည့် အစိုးရ ဖြစ်သည့်အားလျော်စွာ အများပြည်သူကို ပြန်လည်အစီရင်ခံဖို့ တာဝန်ရှိပါကြောင်း၊  ထိုတာဝန်ကို ထမ်းဆောင်သည့်နေရာတွင်လည်း မိမိတို့ ပြန်ကြားရေး ဝန်ကြီးဌာနသည် ကြားမှပေါင်းကူး ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း။

ယနေ့တွင် မိတ်ဆက်မည့် စာအုပ် ၁၇ အုပ်ရှိပါကြောင်း၊ စာအုပ် ၁၇ အုပ်ထဲတွင် နိုင်ငံတော် အကြီးအကဲများပြောကြားခဲ့သည့် မိန့်ခွန်းများ ပါရှိပါကြောင်း၊ ခရီးစဉ်များပါရှိပါကြောင်း၊ ထို့ပြင် ၁ နှစ်တာ ဆောင်ရွက်ချက် မှတ်တမ်းစာအုပ်များလည်း ပါပါကြောင်း၊ သို့ဖြစ်၍ စာအုပ်တစ်ခုချင်းစီ အကြောင်း အနည်းငယ် မိတ်ဆက်ပြောကြားလိုပါကြောင်း။

ပထမဆုံးမှာ နိုင်ငံတော်အကြီးအကဲများ၏ မိန့်ခွန်းများဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၏ မိန့်ခွန်းများနှင့် လမ်းညွှန်စကား၊ သဝဏ်လွှာများ စုပေါင်းထုတ်ဝေသည့် စာအုပ် အတွဲ ၂ အုပ် ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာများဖြစ်ပြီး နောက်တစ်အုပ်မှာ ၂၀၁၉ ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ လမ်းညွှန်စကားနှင့် သဝဏ်လွှာ များ ဖြစ်ပါကြောင်း။

ထို့ပြင် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော် ပြောကြားခဲ့သည့် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် နှစ်နှစ် တာကာလအတွင်း ပြောကြားခဲ့သည့် မိန့်ခွန်းများ စုစည်းထုတ်ဝေထားခြင်း ဖြစ်ပါကြောင်း၊ ပြီးသည့် အခါ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ၂၀၁၆ ခုနှစ်တွင် ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာများ၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်တို့တွင် ပြောကြားခဲ့သည့် မိန့်ခွန်းများ၊ အမှာစကားများ၊ သဝဏ်လွှာများ ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အများပြည်သူ သို့ ပြောကြားခဲ့သည့် စာအုပ်လည်း ပါရှိပါကြောင်း။

မိမိတို့အနေဖြင့် တတ်နိုင်သမျှ အပြည့်အစုံဖြစ်အောင် လုပ်ထားပါကြောင်း၊ မိန့်ခွန်းအပြည့်အစုံ ရတာရှိသလို တချို့က မှတ်တမ်းယူပြီး အသံဖိုင်လုံးကောက် ဖော်၍ လုပ်ရတာရှိပါကြောင်း၊ တစ်ခါ တစ်ရံမှာ အများပြည်သူနှင့်  တွေ့ဆုံသည့်အခါ မေးမြန်းဖြေကြားခြင်းများရှိပါကြောင်း၊ ယင်းတို့ကိုပါ တတ်နိုင်သမျှ ပြည့်စုံအောင် စုစည်းထားပါကြောင်း။

ယင်းမိန့်ခွန်းများကို ဖတ်ရှုခြင်းအားဖြင့် နိုင်ငံတော်အကြီးအကဲများ၏ အတွေးအမြင်၊ အယူအဆ၊ သူတို့၏ နိုင်ငံရေးနှင့်ပတ်သက်သည့် ခံယူချက်၊ ယုံကြည်ချက်၊ သူတို့ ကိုင်စွဲထားသည့် လမ်းစဉ်များကိုသိရှိနိုင်သလို အသေးစိတ်ကိစ္စအသီးအသီးနှင့် ပတ်သက်ပြီး ပြောခဲ့ဆိုခဲ့သည်များ၊ သဘောထားများကိုလည်း တွေ့ရှိနိုင်မည် ဖြစ်ပါကြောင်း။

ဌာနအသီးသီးတွင် လုပ်ကိုင်နေသည့်ပုဂ္ဂိုလ်များအတွက် လေ့လာမှတ်သားစရာ ဖြစ်သလို တက်ရောက်သည့် သတင်းမီဒီယာသမားများအတွက်လည်း ကိုးကားစရာ အထောက်အထား ဖြစ်မည်ဟု မြင်ပါကြောင်း။

ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာနိုင်ငံအနှံ့အပြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုစလုံးကို ခရီးသွားခဲ့ပါကြောင်း၊  ခရီးသွားသည့်အခါ အများပြည်သူနှင့် တွေ့ဆုံပြီး စကားပြော ခဲ့ခြင်းများလည်း ရှိပါကြောင်း၊ ၎င်းတို့ကို “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်း ခဲ့သော ပြည်ထောင်စုခရီးလမ်း (၂၀၁၆-၂၀၂၀)” ဆိုပြီး ဒီနှစ်ထဲအထိ စုစည်းထား ပါကြောင်း၊ မိန့်ခွန်းပေါင်းချုပ်မဟုတ်ဘဲ ခရီးစဉ်မှာတွေ့ဆုံခဲ့သည့် မှတ်တမ်းဖြစ်ပါကြောင်း၊ ပြောဆိုခဲ့သည့် မိန့်ခွန်းအနည်းအကျဉ်းလည်း ပါရှိပါကြောင်း၊ ဒီကြားထဲမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ ကျင်းပသွားခဲ့တာရှိပါကြောင်း၊  စတုတ္ထအကြိမ်နှင့် ပတ်သက်သည့် မှတ် တမ်းက ပြုစု၍မပြီးသေးသော်လည်း ပထမအကြိမ် အစည်းအဝေး မှတ်တမ်း၊ ဒုတိယအကြိမ် အစည်းအဝေးမှတ်တမ်း၊ တတိယအကြိမ် အစည်းအဝေးမှတ်တမ်း စာအုပ်များ ဖြစ်ပါကြောင်း၊ အစည်းအဝေးသာမကဘဲ တက်ရောက်လာသည့် မှတ်တမ်းမှတ်ရာ ဓာတ်ပုံများလည်း ပါဝင်ပါ ကြောင်း၊ ယင်းသည် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှု သမိုင်း၊ (၂၁) ရာစုပင်လုံနှင့် ပတ်သက်သည့် သမိုင်းကို ကြည့်ချင်လျှင် ဒီစာအုပ်ကို ကိုးကားနိုင်ဖို့ ဖြစ်ပါကြောင်း။

အလားတူ အစိုးရအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တခြားပြည်ထောင်စု အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များအကြောင်းကို မှတ်တမ်းတင်သည့် စာအုပ်များလည်း ပြုစုခဲ့ပါကြောင်း၊ ထိုထဲတွင် ပြည်သူ့အတွက် ပထမ ရက် ၁၀၀ မှာ ဘာတွေဆောင်ရွက်နိုင်မလဲ၊ ဘာတွေ ဆောင်ရွက် မယ်ဆိုတာကို သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးကို တွေ့ဆုံမေးမြန်းထားပါကြောင်း၊ တွေ့ဆုံမေးမြန်းပြီး ဌာနအသီးအသီး၏ ပြောဆိုချက်များကို စုစည်းဖော်ပြထား ပါကြောင်း၊ ရက် ၁၀၀ ကာလ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီးလည်း ဤအခန်းထဲမှာ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ပါကြောင်း။

ထို့ပြင် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များ ပထမတစ်နှစ် ပြည့်မြောက်ချိန်တွင် ပြီးခဲ့သည့် (၁) နှစ်တာအတွင်း ဘာတွေဆောင်ရွက်ခဲ့သလဲ ဆိုတာတွေအတွက် အစီအစဉ် နှစ်ခုလုပ်ခဲ့ပါကြောင်း၊ တစ်ခုက ဝန်ကြီးဌာနပေါင်းစုံနှင့် သတင်းစာရှင်းလင်းပွဲများကို နှစ်ပတ်လောက် အချိန်ပေးပြီး ပြုလုပ်ခဲ့ပါကြောင်း၊ ဒါကလည်း အစဉ်အလာတစ်ခု အစပျိုးခြင်းဖြစ်ပါကြောင်း၊ သတင်းစာ ရှင်းလင်းပွဲများကို နှစ်စဉ်နှစ်တိုင်း တစ်နှစ်တစ်ကြိမ် ဒီခန်းမထဲမှာ ကျင်းပပါကြောင်း၊ အဲဒီလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့်ကာလမှာပဲ မြန်မာအသံနှင့် ရုပ်မြင်သံကြား၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့မှ သတင်းသမား များက ဌာနဆိုင်ရာအကြီးအကဲများကို ပြီးခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး တွေ့ဆုံမေးမြန်းပါကြောင်း၊ ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သလို သတင်းစာများတွင်လည်း အထူးကဏ္ဍအနေဖြင့် ဖော်ပြပါကြောင်း၊ ဒါတွေသည် ဌာနအသီးသီး၏ တစ်နှစ်တာ ဆောင်ရွက်ချက်များကို စုစည်းထုတ်ဝေခြင်း ဖြစ်ပါကြောင်း၊ ပထမတစ်နှစ်တာ၊ ဒုတိယ တစ်နှစ်တာ၊ တတိယတစ်နှစ်တာ၊ စတုတ္ထတစ်နှစ်တာ လေးအုပ် အထိရှိသွားပြီဖြစ်ပြီး  ပဉ္စမ တစ်နှစ်တာကတော့ ဒီနှစ်ကုန်သည့် အချိန် တွင် ထွက်ရှိမည်ဖြစ်ပါကြောင်း။

ယင်းစာအုပ်များထဲတွင်  ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အပါအဝင် ဝန်ကြီးဌာန အသီးသီး၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ ပါဝင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၏ ဆောင်ရွက်ချက်များလည်း ပါဝင်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း သက်ဆိုင်ရာ ဝန်ကြီးချုပ် များ၊ အခြားတာဝန်ရှိသူများကို မေးမြန်းပြီး ပြုစုထားခြင်း ဖြစ်ပါကြောင်း၊  နှစ်စဉ်စာအုပ်ထွက်တိုင်းလည်း  ဌာနအသီးသီးကို ဖြန့်ဝေပါကြောင်း။

ယခုအခါမှာတော့ ပုံစံအသစ်နှင့် ဆင်တူဖြစ်အောင် ပြန်လည်ချုပ်လုပ်ဖြန့်ဝေခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ၄ နှစ်တာကာလ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲ တိုးတက်ရေး ဆောင်ရွက်ချက်များ (၂၀၁၆-၂၀၂၀) ပထမတွဲတွင် ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များ၏  ဆောင်ရွက်ချက်များ ပါရှိပါကြောင်း၊ ဌာနအသီးသီးမှ ရေးသားပြုစုပေးထားခြင်း ဖြစ်သည့် အတွက် မိမိတို့အတွက်ကတော့ အစိုးရ၏ မှတ်တမ်း စာအုပ်စစ်စစ်ဖြစ်သည်ဟု မြင်ပါကြောင်း၊ ဒုတိယတွဲမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ပါဝင်ပါကြောင်း၊ ယခုစာအုပ်မှာ ရှေ့ပိုင်း ၄ နှစ် အတွက်ကို စုစည်းတင်ပြထားခြင်း ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ပဉ္စမတစ်နှစ်တာအတွင်း ဆောင်ရွက်ချက်များ မှတ်တမ်းကို လာမည့်နှစ်မှာ ရေးသားပြုစုထုတ်ဝေပြီး နိုင်ငံတော်အစိုးရ၏ ၅ နှစ်တာကာလ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေး ဆောင်ရွက်ချက်များ (၂၀၁၆-၂၀၂၁ ) ပြည့်စုံမည်ဖြစ်ကြောင်း တင်ပြအစီရင်ခံပါသည်လို့ ရှင်းလင်းဖော်ပြထားပါကြောင်း။

မိမိတို့အနေဖြင့် နောက်နှစ်တွင် အစိုးရ၏ သက်တမ်း ၅ နှစ်ကာလ ဆောင်ရွက်ချက် အပြည့်အစုံကို ယခုလိုပင် မှတ်တမ်းတင်ပြီး စာအုပ်ထုတ်ဝေနိုင်မည်ဟု မျှော်လင့်ထားပါကြောင်း။

မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး မှတ်တမ်းမှတ်ရာပြုနိုင်အောင်၊ အများပြည်သူ လေ့လာ နိုင်အောင်နှင့်  နောင်အရှည်မှာ လေ့လာမည့်သူများအတွက်  မှတ်တမ်းတစ်စုတစ်စည်းတည်းရ‌အောင်  ယနေ့တွင်  စုပေါင်းဖြန့်ဝေခြင်းဖြစ်ပါ ကြောင်း၊ တချို့ စာအုပ်များမှာ  စောစောကတည်းက ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး တချို့စာအုပ်များမှာ ယခုလပိုင်းတွင် ဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မှတ်တမ်းစာအုပ်များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဥပဒေပြုရေးမဏ္ဍိုင် ကိုယ်စား ပြည်ထောင်စုလွှတ်တော်ရုံး အမြဲတမ်းအတွင်းဝန် ဦးကျော်စိုးအား လည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်ကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး အားလည်းကောင်း၊ တရားစီရင်ရေးမဏ္ဍိုင် ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယအမြဲတမ်း အတွင်းဝန် ဦးသန့်စင်အား လည်းကောင်း၊ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကိုယ်စား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်မှူးကြီး စိုးသန်းအားလည်းကောင်း၊ အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မျိုးမင်းကြည်ဝင်း အားလည်းကောင်း၊ အမျိုးသား စာကြည့်တိုက်မှ ညွှန်ကြားရေးမှူး ဒေါ်မြဦး အားလည်းကောင်း၊ သတင်းမီဒီယာများ ကိုယ်စား လျှပ်တပြက်ဂျာနယ်မှ နေပြည်တော် တာဝန်ခံ ရဲရဲ (ပျဉ်းမနား) အားလည်းကောင်း ပေးအပ်သည်။

ယင်းနောက် တက်ရောက်လာသည့် ဝန်ကြီးဌာနများကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က မုဒိတာ စကားပြောကြားသည်။

ယနေ့မိတ်ဆက်ဖြန့်ချိသည့် နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက် မှတ်တမ်း စာအုပ်များမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် (၂၀၁၈) ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာများ၊ (၂၀၁၉) ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာများ၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော် (၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈) ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာများ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၂၀၁၆) ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာများ၊   (၂၀၁၇) ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာ များ၊   (၂၀၁၈) ခုနှစ် အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာများ၊   (၂၀၁၉) ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာများ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းခဲ့သော ပြည်ထောင်စုခရီးလမ်း (၂၀၁၆ - ၂၀၂၀)၊ ပြည်သူ့အတွက် ပထမရက် (၁၀၀)၊   ပထမ တစ်နှစ်တာ၊  ဒုတိယတစ်နှစ်တာ၊  တတိယ တစ်နှစ်တာ၊  စတုတ္ထ တစ်နှစ်တာ၊ နိုင်ငံတော်အစိုးရ၏ လေးနှစ်တာကာလ ပြည်သူ့အတွက် ပြုပြင် ပြောင်းလဲတိုးတက်ရေး ဆောင်ရွက်ချက်များ (၂၀၁၆ - ၂၀၂၀) (ပထမတွဲ) (ဒုတိယတွဲ)၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံ(ပထမအကြိမ်) အစည်းအဝေး၊ (ဒုတိယ အကြိမ်) အစည်းအဝေးနှင့်    (တတိယအကြိမ်) အစည်းအဝေး မှတ်တမ်းစာအုပ်များ ဖြစ်သည်။

(သတင်းစဉ်)