နေပြည်တော် နိုဝင်ဘာလ ၂၄
နိုဝင်ဘာလ ၂၃ ရက် နေ့လည် ၁၁ နာရီကျော်ခန့်အချိန် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် တရားရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်မည်ဆိုသည့်သတင်းကြောင့် တရားရုံးဝန်ထမ်းများ၊ အမှုသည်များ၊ ရှေ့နေများ တရားရုံးနှင့် ဝေးရာသို့ ထွက်ပြေးကြကြောင်း၊ ဗိုလ်မှူးတစ်ဦး ဦးဆောင်သော အင်အား ၁၅ ပါ စစ်ကြောင်းက တရားရုံးသို့ ရောက်ရှိလာကာ ရှာဖွေစစ်ဆေးမှုများနှင့် စောင့်ကြပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ လှည်းကူးမြို့နယ်တရားရုံးသို့ တပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် တရားရုံး၌ မြို့နယ်တရားသူကြီးနှင့် တရားရေးဝန်ထမ်း ၅ ဦးသာ ကျန်ရှိပြီး တရားရုံးအား နေ့လည် ၂ နာရီခန့်တွင် ပိတ်ထားလိုက်ကြောင်း လှည်းကူးတရားရုံးအနီးရှိသူတစ်ဦးက ပြောဆိုသည့် မဟုတ်မမှန်သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လှည်းကူးမြို့နယ်တရားရုံးတွင် အကြမ်းဖက်သမားများမှ ရုံးဝန်းအတွင်း ဗုံးထောင်ထားကြောင်း ပြောဆိုမှုများကြားသိရသဖြင့် လုံခြုံရေးအဖွဲ့များအား သတင်းပေးပို့အကြောင်းကြား၍ လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရုံးဝန်းအတွင်း မည်သည့်ပေါက်ကွဲစေသော အရာဝတ္တုများ၊ ဆက်စပ်ပစ္စည်းများမတွေ့ရှိရကြောင်း၊ တရားရုံးအား ပုံမှန်ဖွင့်လှစ်၍ ရုံးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး “ရုံးပိတ်ထားသည်၊ ဝန်ထမ်းများ ရုံးတက်ရောက်ခြင်းမရှိဆိုသည်မှာ” လုပ်ကြံသတင်းအမှားသာဖြစ်ကြောင်း ဥပဒေရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ဖြေကြားချက်အရ သိရှိရသည်။
သို့ဖြစ်ပါ၍ အကြမ်းဖက်သမားများသည် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ၊ အုပ်ချုပ်ရေးယန္တရားများ၊ စာသင်ကျောင်းများ၊ ဆေးရုံများစသည့် လူစုလူဝေးများပြားသည့် နေရာများကို အကြမ်းဖက်ဖောက်ခွဲခြင်းများ ကိုယ်တိုင်ပြုလုပ်ဆောင်ရွက်ခြင်း၊ အားပေးလှုံ့ဆော်ခြင်းနှင့် ကောလာဟလလုပ်ကြံသတင်းများ ရေးသားထုတ်လွှင့် ဆောင်ရွက်ခြင်းတို့အား ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လျက်ရှိပြီး အများပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် နိုင်ငံ့ဝန်ထမ်းများ စိုးရိမ်ထိတ်လန့်စေရန် မဟုတ်မမှန် လုပ်ကြံသတင်းများကို ရေးသားဖြန့်ခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
