နေပြည်တော် နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့တွင် နယ်လှည့်ဆေးကုသရေးလာရောက်သည့် စစ်သင်္ဘောမှ ဇလွန်မြို့ရှိ လူငယ်များအား တပ်သားစုဆောင်းမှုများပြုလုပ်နေသည်ဟု ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Ayeyarwaddy Times မီဒီယာမှ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်သတင်းများ ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။
တပ်မတော်အနေဖြင့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့ကို စုဖွဲ့၍ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) နှင့် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူ အောက်တိုဘာလ ၃၁ ရက်တွင် စတင်စေလွှတ်ခဲ့ပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နှင့် ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ထိုသို့တပ်မတော်မှ လာရောက်၍ လိုအပ်သည့်ဆေးကုသပေးနေမှုများအပေါ် ပြည်သူများအနေဖြင့် အထူးပင်ကျေနပ်ဝမ်းသာလျက်ရှိပြီး စီစဉ်ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်အကြီးအကဲများနှင့် လာရောက်ကုသပေးလျက်ရှိသည့် ဆေးအဖွဲ့များကိုလည်း များစွာကျေးဇူးတင်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ပြည်သူများနှင့် တပ်မတော် ချစ်ကြည်ရင်းနှီးမှုများအပေါ် သွေးခွဲစေလိုသော ရည်ရွယ်ချက်ဖြင့် ပြည်ဖျက်မီဒီယာအချို့က လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် တပ်မတော်အပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေခြင်းသာဖြစ်ပြီး တပ်မတော်အနေဖြင့် ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ပေးနိုင်ရေးအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
