နေပြည်တော် နိုဝင်ဘာ ၂၃
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် နည်းပညာတက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
လှည့်လည်ကြည့်ရှု
အဆိုပါတက္ကသိုလ်သို့ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်မှု၊ စာသင်ခန်းများ၌ သင်ကြားသင်ယူမှုလုပ်ငန်းများ စတင်ဆောင်ရွက်နေမှု၊ သင်ကြားသင်ယူမှု အထောက်အကူပြုစနစ် (Learning Management System – LMS)ကို အသုံးပြု၍ သင်ကြားနေသော သင်ခန်းစာများ၊ ခေတ်မီသင်ထောက်ကူပစ္စည်းများ၊ ခေတ်မီလက်တွေ့ခန်းသုံးပစ္စည်းများ၊ Language Lab နှင့် ကွန်ပျူတာခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားကာ ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။
နေပြည်တော် နည်းပညာတက္ကသိုလ်ကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ရာ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပထမနှစ်နှင့် ဒုတိယနှစ်ကျောင်းသား ကျောင်းသူများ တက်ရောက်လျက်ရှိပြီး မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ အီလက်ထရွန်နစ် အင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘာသာရပ်၊ စက်မှုအင်ဂျင်နီယာဘာသာရပ်၊ ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာဘာသာရပ်၊ ဗိသုကာဘာသာရပ်နှင့် စိုက်ပျိုးရေးအင်ဂျင်နီယာဘာသာရပ်များ သင်ကြားပေးလျက်ရှိကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်ရန်နှင့် နိုင်ငံတော်အတွက်လိုအပ်သည့် အင်ဂျင်နီယာပညာရှင်များကို ပိုမိုမွေးထုတ်လေ့ကျင့်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်