နေပြည်တော် နိုဝင်ဘာ ၂၃
အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်လုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့အစည်း (Asia-Pacific Institute For Broadcasting Development -AIBD)မှ စီစဉ်သည့် “အွန်လိုင်းဘေးကင်းရေး၊ သတင်းမှားများနှင့် ပြဿနာများကို မီဒီယာသိနားလည်မှုဖြင့် ကိုင်တွယ်ဖြေရှင်းမှုဆိုင်ရာ onlineဆွေးနွေးပွဲ” ကို ယမန်နေ့က online မှတစ်ဆင့်ကျင်းပရာ ဆွေးနွေးပွဲသို့ AIBD အဖွဲ့ဝင်နိုင်ငံများမှ သတင်းသမားများ၊ သတင်းထောက်များ၊ မီဒီယာကျွမ်းကျင်ပညာရှင်များနှင့်အတူ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
အဆိုပါ ဆွေးနွေးပွဲကို အွန်လိုင်းဘေးကင်းမှုမြှင့်တင်ရန်၊ သတင်းတု/သတင်းမှား၊ ဆိုက်ဘာရာဇဝတ်မှု၊ အွန်လိုင်းလိမ်လည်လှည့်ဖြားမှု စသည့် လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းများကို သိသာထင်ရှားသော ခြိမ်းခြောက်မှုများကို သိရှိနားလည်စေရန်နှင့် မီဒီယာသိနားလည်မှုဆိုင်ရာ မြှင့်တင်ပေးခြင်းဖြင့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် သတင်းတု/သတင်းမှားများ အွန်လိုင်းတွင် ပျံ့နှံ့မှုနှင့် အကျိုးသက်ရောက်မှုများအကြောင်း၊ အွန်လိုင်း content များကို အသိအမှတ်ပြုရန်နှင့် အကဲဖြတ်ရန်အတွက် ပညာပေးမှုများ၊ ဆိုက်ဘာရာဇဝတ်မှု၊ အွန်လိုင်းလိမ်လည်ခြင်းနှင့် အွန်လိုင်းခြိမ်းခြောက်မှုများမှကာကွယ်ရန် အသိပညာနှင့် ကျွမ်းကျင်မှုများအား ဖြည့်ဆည်းမျှဝေပေးခြင်း၊ သတင်းအချက်အလက်များကို တာဝန်သိစွာမျှဝေပေးခြင်းနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းအား ကျင့်ဝတ်နှင့်အညီ အသုံးပြုခြင်းတို့နှင့်စပ်လျဉ်း၍ ဝါရင့်သတင်းထောက်များနှင့် အွန်လိုင်းပညာရှင် စုစုပေါင်းခြောက်ဦးတို့က ဆွေးနွေးကြသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် AIBD သို့ တင်းပြည့်အဖွဲ့ဝင်အဖြစ် ၁၉၉၇ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ဝင်ရောက်ခဲ့ပြီး လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ၊ သတင်းတု၊ သတင်းမှားတိုက်ဖျက်ရေးနှင့် မီဒီယာသိနားလည်မှုဆိုင်ရာ သင်တန်းများကို လက်ခံကျင်းပသကဲ့သို့ ပါဝင်တက်ရောက်ခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
