နေပြည်တော် နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းဒေသကြီးရှိ Terminal များသို့ ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ် ဝင်ရောက်လျက်ရှိပြီး Terminal များရှိ စက်သုံးဆီများကို စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီသယ်ယာဉ် (Bowser)များဖြင့် နေ့ညမရွေး အဆက်မပြတ် ဖြည့်တင်း သယ်ယူပို့ဆောင်ဖြန့်ဖြူးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ နိုဝင်ဘာ ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင် ၂၀၅၅ ဆိုင်သို့ ဆီသယ်ယာဉ် (Bowser) ၁၂၉၄ စီးဖြင့် 92 Ron ဂါလန် ၁ သန်း ၁ သိန်း ၃ သောင်းကျော်၊ 95 Ron ဂါလန် ၂ သိန်း ၈ သောင်းကျော်၊ ဒီဇယ်ဆီ ဂါလန် ၇ သိန်း ၄ သောင်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီ ၁ သန်း ၁ သိန်း ၉ သောင်းကျော်ကို ပို့ဆောင်ဖြန့်ဖြူးပေးနိုင်ခဲ့သည်။
စက်သုံးဆီသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများဖြစ်သည့် ဆီတင်သင်္ဘောများမှ Terminal များသို့ စက်သုံးဆီဖြည့်တင်းမှုများ၊ Terminal များမှ ဆီတင်ယာဉ်များသို့ စက်သုံးဆီ ဖြည့်တင်းထွက်ခွာမှုများနှင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ ဆီတင်ယာဉ်များဖြင့် စက်သုံးဆီ ပို့ဆောင်မှုအခြေအနေများကို စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြီးကြပ်စစ်ဆေးခြင်း၊ စက်သုံးဆီဖြည့်တင်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် လိုအပ်သည်များ ဖြည့်ဆည်းကူညီခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
