နေပြည်တော် နိုဝင်ဘာ ၂၃
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းမှူးဗိုလ်မှူးချုပ် ကြည်သိုက်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ဗိုလ်လုပွဲပွဲစဉ်ဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ)အသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက်ဆုများနှင့် ဒိုင်းဆုရရှိသော ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘော်လီဘောပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၂၀ ဖြင့် နိုဝင်ဘာ ၈ ရက်မှ ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်