Skip to main content

တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၂၃   

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့ရှိ ရဟန္တာဦးသီလဓာတ်တော် စေတီဝင်းအတွင်းရှိ ဦးသီလသာသနာ့ဗိမာန်၌အခြေပြု၍ ဇလွန်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၇၃၁ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာရောဂါ ၂၇၀၊ ခွဲစိတ်ရောဂါ ၁၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၇ ဦး၊ ကလေးရောဂါ ၄၁ ဦး၊ အရိုးရောဂါ ၁၅၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၆ ဦး၊ မျက်စိရောဂါ ၁၀၃ ဦးနှင့် သွားရောဂါ ၆၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ခုနစ်ဦး၊ မျက်စိခွဲစိတ်လူနာ တစ်ဦး၊ ဓာတ်မှန်ရိုက် လူနာခုနစ်ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၃၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာရှစ်ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့နောက် လာရောက်ဆေးကုသမှုခံယူကြသော ဒေသခံပြည်သူများအား နေ့လယ်စာထမင်းဘူးများ ပေးဝေလှူဒါန်းကြသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလို ကြားသိခဲ့ရသည်-

ဒေါ်တင်သိန်း (ရေလယ်သောင်ကျေးရွာ၊ ဇလွန်မြို့)

ခြေထောက်အရိုးအကြောဖြစ်တာက လေးနှစ်ကျော်ပြီ။ မျက်စိကွယ်သွားတာတော့ တစ်နှစ်ကျော်ပြီ။ ကုစရာလည်းမရှိတော့ ငုတ်တုတ်နေရတယ်။ အပြင်မှာသွားကုမယ်ဆိုရင် လေးသိန်းကျော်၊ ငါးသိန်းကုန်မယ်တဲ့။ အဘွားတို့မရှိတဲ့သူတွေက ဘယ်လိုကုနိုင်မလဲ။ အဲဒီတော့ ရွှေပုဇွန်သင်္ဘော ကြီးလာမယ်ဆိုတော့ ဝမ်းသာပြီးပျော်နေတာ။ လာပါစေလို့လည်း ဘုရားမှာဆုတွေတောင်းရတယ်။ အခုလာလို့ ကုရတော့လည်းဝမ်းသာတာပေါ့။ တစ်ပြားမှမကုန်ဘူး။ ငါးပြားမှမပေးရတဲ့အပြင်ရောက်တယ်ဆို ထမင်းကြော်၊ လက်ဖက်ရည်တိုက်တယ်။ လူနာတွေကို နွေးထွေးမှုအများကြီးပေးပါတယ်။ ပြေးထမ်းတယ်၊ ပြေးတွဲတယ်။ ရောက်တယ်ဆိုတာနဲ့ အဆာပြေစားပြီးပြီလား လာမေးတယ်။ မစားရသေးဘူးဆိုရင် အဆာပြေကျွေးတယ်။ လိုလေသေးမရှိပါဘူး။ ပြုစုယုယပေးတယ်။ ကြင်နာမှု၊ နွေးထွေးမှုတွေပေးကြပါတယ်။ တစ်နေ့ကလာစာရင်းပေးတယ်။ မနေ့ကခွဲစိတ်ရတယ်။ ဒီနေ့ကျတော့ဖြည်ပေးတယ်။ ဖြည်ပေးတော့ အခုမျက်စိကမြင်သွားပြီ။ မြင်သွားတော့ ဝမ်းသာပီတိတွေဖြစ်တယ်။ ဝမ်းလည်းနည်းတယ်။ မျက်စိမြင်သွားရတယ်။ ခါတိုင်းဘုရားရှိခိုးတာတောင် ဘုရားဆင်းတုတော်ကို မဖူးရ၊ မမြင်ရဘူး။ အခုမြင် သွားရလို့ဝမ်းသာတယ်။ ကိုယ့်ဘုန်းကြီးတွေ အိမ်ရှေ့ကသွားလို့တောင်မဖူးရ၊ မမြင်ရဘူး။ အခုမြင်ရ၊ ဖူးရပြီ။ ဝမ်းသာတယ်။ အသက်ရှည်ကျန်းမာကြပါစေ။ ဘေးဘယာခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ရောဂါခပ်သိမ်း ကင်းငြိမ်းကြပါစေ။ သောကခပ်သိမ်းကင်းငြိမ်းကြပါစေ။ လူတစ်ယောက်ရဲ့အလင်းရောင်ရရှိအောင် လုပ်ပေးတဲ့အတွက် သူတို့မိသားစုတင်မကဘူး တစ်တိုင်းတစ်ပြည်လုံးရော အားလုံး အသက်ရှည်ကျန်းမာကြပါစေလို့ ဆုတောင်းပေးပါတယ်။

ဒေါ်အုန်းမေ(မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဇလွန်မြို့)

ကျွန်မတို့က အခုလို နယ်လှည့်ဆေးကုသရေးအဖွဲ့လာရောက်တာကို မြို့နယ်ရဲ့ကိုယ်စား လာရောက်ပြီးတော့ ဝမ်းသာအားရကြိုဆိုပြီး တတ်နိုင်တဲ့ဘက်ကနေ လာရောက်ကူညီတာပါ။ ကျွန်မတို့က လူနာတွေကို နေရာချပေးတယ်။ သူ့နေရာနဲ့သူ သွားနိုင်အောင်လုပ်ပေးတယ်။ အဆင်ပြေအောင်လည်း ကျွန်မတို့ အများကြီးကူညီပေးပါတယ်။ ဆေးပေးတဲ့နေရာတွေရော၊ လိုအပ်တဲ့နေရာတွေမှာပါအကုန်လုံးမှာ တတ်နိုင်တဲ့ဘက်ကနေကူညီပေးတယ်။ မျှော်လင့်ခဲ့ရတဲ့ဟာလေးက အခုဆို မျှော်လင့်ချက်ပြည့်သွားလို့ အလွန်ကို ဝမ်းသာပါတယ်။ ကျွန်မတို့မြို့နယ်က မရှိဆင်းရဲသားတွေကို အခုလို အခမဲ့လာရောက်ကုသ ပေးတဲ့အတွက် ကျွန်မတို့အနေနဲ့ အများကြီးဝမ်းသာပီတိဖြစ်ရသလို ကျေးဇူးလည်းတင်ပါတယ်။ အခုလို ကိုယ့်မြို့နယ်မှာ ကိုယ်ကုသခွင့်ရနိုင်အောင် လာရောက်စီစဉ်ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။ ဆေးကုသမှုအဖွဲ့အနေနဲ့ အခွင့်အခါသင့်မယ်ဆိုရင် နောက်တစ်ကြိမ်လည်း ကျွန်မတို့မြို့နယ်ကို လာရောက်ပြီး ဆေးကုသပေးဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်မတို့ကလည်း လိုအပ်တဲ့နေရာမှာ ပါဝင်ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

သတင်းစဉ်