Skip to main content

နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့မဟာဝိသုဒ္ဓါရုံတိုက်သစ် မဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု စည်ရှင်ကျောင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသ၏ အန္တိမဈာပနသာဓုကီဠနပူဇာသဘင် အခမ်းအနားကျင်းပ

မန္တလေး နိုဝင်ဘာ ၂၃

နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့မဟာဝိသုဒ္ဓါရုံတိုက်သစ် မဟာနာယကအဘိဓဇမဟာရဋ္ဌဂုရု၊ စည်ရှင်ကျောင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသ (သက်တော်(၈၅)၊ သိက္ခာတော် (၆၆)ဝါ)သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက်၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီ ၃၃ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အန္တိမဈာပနသာဓုကီဠနအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ယင်းကျောင်းတိုက်ရှိ အောင်မြေသာစည်အလယ်တိုက်ကြီးတွင် ကျင်းပသည်။

အဆိုပါ အန္တိမဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယသောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရအမှူးပြုသော ဆရာ‌တော်ကြီးများ ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ ဒါယကာ၊ ဒါယိကာမများ၊ ရဟန်းသံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များ၊ ဝတ်အသင်းအဖွဲ့များ၊ ဧည့်ပရိသတ်များ၊ ဆွေတော်မျိုးတော်များ၊ ဒေသခံပြည်သူများ တက်ရောက်ပူဇော်ကြပြီး သဗ္ဗေသင်္ခါရာအနိစ္စာအစရှိသော (၃)ဂါထာကိုရွတ်ဆို သံဝေဂဉာဏ်ပွားများ၍ အခမ်းအနားကို ဖွင့်လှစ်သည်။

သီလခံယူဆောက်တည်

ဆက်လက်၍ နိုင်ငံတော်ဩဝါဒါစရိယသောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့်ပရိသတ်အားလုံးက ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။

စိန်ကတ္တီပါလွှမ်း၍ ပူဇော်

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီးဝန်ကြီးများက ဝိသုဒ္ဓါရုံစည်ရှင်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား စိန်ကတ္တီပါလွှမ်း၍ ပူဇော်သည်။

ဆက်လက်၍ ရွှေကျင်ဂိုဏ်းအကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတအဝေရာရာမ ရန်ကင်းဆရာတော်က မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် ရွှေကျင်နိကာယဗဟိုဌာန သံဃာတော်များ၏ သံဝေဂိယကထာဝမ်းနည်းကြောင်း သဝဏ်လွှာကို ဖတ်ကြားပူဇော်သည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သံဝေဂဉာဏ်ပွားကြောင်း မှတ်တမ်းတင်သဝဏ်လွှာကို ရွှေဘိုမြို့ ပါဠိကာရီတုလွတ်ကျောင်းတိုက် နိုင်ငံတော်သံဃမဟာနာယက တွဲဖက်အကျိုးတော်ဆောင် ဘဒ္ဒန္တစန္ဒဝံသာဘိဝံသက ဖတ်ကြားပူဇော်သည်။

ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဝမ်းနည်းကြောင်းသဝဏ်လွှာကို တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက ဖတ်ကြားပူဇော်ပြီး ထေရုပ္ပတ္တိအကျဉ်းကို ဒီပဲယင်းတိပိဋကဓရ ဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရက ဖတ်ကြားပူဇော်သည်။

ယင်းနောက် စည်ရှင်ဆရာတော်ကြီး ကိုယ်တိုင်ရေးသားအပ်သော မဟာထေရဂုဏဂီတိကာ သံဝေဂရစနာဂါထာများကို မဟာဝိသုဒ္ဓါရုံတိုက်သစ်စည်ရှင်ကျောင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတာဘိဝံသက ဖတ်ကြားပူဇော်သည်။

ထို့နောက် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းရာ နိုင်ငံတော်ဩဝါဒါစရိယ သောဠသမရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရထံသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ၊ မဟာနာယက၊ တွဲဖက်ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသထံသို့ တိုင်းမှူးကလည်းကောင်း လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အခမ်းအနားတက်ရောက်ကြသူများက ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဆရာတော်ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရထံမှ မရဏာနုဿတိဘာဝနာတရားနှင့် ရေစက်သွန်းချတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် အမျှပေးဝေကြသည်။

ဆက်လက်၍ ဒီပဲယင်းတိပိဋကဓရ ဆရာတော် ဘဒ္ဒန္တတိစိတ္တက တပည့် သံဃာဒါယကာ၊ ဒါယိကာမများက အပြစ်ရှိကသည်းခံခွင့်လွှတ်တော်မူရန် ဝန်ချတောင်းပန်ကန်တော့သည့် ခမာပနဝန္ဒနာကို ရွတ်ဆိုတိုင်ကြားကာ တောင်းပန်ကန်တော့၍ ဆရာတော်ဘုရားကြီးအား နောက်ဆုံးတောင်းပန်ကန်တော့ကြပြီး အနိစ္စာဝတသင်္ခါရာအစရှိသော (၃)ဂါထာကို ရွတ်ဆိုသံဝေဂဉာဏ်ပွားများ၍ အခမ်းအနားအစီအစဉ်ပထမပိုင်းကို ရုပ်သိမ်းခဲ့သည်။

ကရဝိက်ယာဉ်ပေါ်သို့ ပို့ဆောင်

ယင်းနောက် အစီအစဉ် ဒုတိယပိုင်းအဖြစ် မဟာအောင်မြေမြို့နယ် ဧရာဦးဆိပ်ကမ်းရှိ ဈာပနကွင်းသို့ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား ပင့်ဆောင်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အခမ်းအနားမှူးက ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား ကရဝိက်ယာဉ်ပေါ်သို့ ကြွရောက်တော်မူပါရန် အဘိယာစနနိမန္တနဂါထာဖြင့် တောင်းပန်လျှောက်ထားပြီး ကရဝိက်ယာဉ်ပေါ်သို့ ပို့ဆောင်ရန်အတွက် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ပင့်ဆောင်ရာတွင် တပည့်သံဃာတော်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဆွေတော်မျိုးတော်တို့က သတ်မှတ်နေရာအသီးသီးမှ ကရဝိက်ယာဉ်ပေါ်အထိ ပင့်ဆောင်ကြပြီး လောင်တိုက်တော်တည်ရှိရာ ဧရာဦးဆိပ်ကမ်းရှိ ဈာပနကွင်းသို့ ပင့်ဆောင်ကြသည်။

ထိုသို့ပင့်ဆောင်ရာတွင် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား တင်ဆောင်ထားသည့် ကရဝိက်ယာဉ်တော်ကို အုပ်ချုပ်မှုယာဉ်များ၊ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ မထေရ်ကြီးများ၏ယာဉ်များ၊ ဆရာတော်ဘုရားကြီးပုံတော်၊ ဘွဲ့တံဆိပ်တော်အဆောင်အယောင်များ တင်ဆောင်သည့်ယာဉ်၊ ဝတ်အသင်းယာဉ်များနှင့် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ တပည့်ဒါယကာ ဒါယိကာမများ၊ ပြည်သူလူထုအပေါင်းတို့က လိုက်ပါခြံရံ၍ ပို့ဆောင်တော်မူကြသည်။

ဆက်လက်ပြီး အစီအစဉ်တတိယပိုင်းအဖြစ် အန္တိမဈာပနပူဇာသဘင်ကိုကျင်းပရာ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကရဝိက်ယာဉ်တော်ပေါ်မှ လောင်တိုက်ပေါ်သို့ တပည့်သံဃာတော်တို့က စတင်ပင့်ဆောင်ကာ လောင်တိုက်တော်ကို လက်ဝဲရစ်လှည့်လည်ပင့်ဆောင်ပြီး ဆရာတော်၏ ဥတုဇရုပ်ကလာပ်တော်အား မင်္ဂလာပန်းရထားပေါ်သို့ ပင့်ဆောင်ကြသည်။

လောင်တိုက်တော်ပေါ်သို့ပင့်ဆောင်

၎င်းနောက် အခမ်းအနားမှူးက ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား လောင်တိုက်တော်ပေါ်သို့ ကြွချီတော်မူပါမည့်အကြောင်း အဘိယာစနနိမန္တနဂါထာဖြင့် တောင်းပန်လျှောက်ထားပြီး ရုပ်ကလာပ်တော်အား လောင်တိုက်တော်ပေါ်သို့ အစီအစဉ်အတိုင်း ပင့်ဆောင်ကြသည်။

ဆက်လက်၍ သံဃာတော် အရှင်သူမြတ်များ ဦးဆောင်၍ အနိစ္စာဝတသင်္ခါရာ အစချီသောသံဝေဂ(၃)ဂါထာကို ရွတ်ဆိုပွားများပြီး အပြစ်ရှိက ခွင့်လွှတ်တော်မူပါရန် တောင်းပန်ကန်တော့လွှာဖြင့် နောက်ဆုံးတောင်းပန်ကန်တော့၍ သာဓုသုံးကြိမ်ခေါ်ဆိုကြပြီးနောက် စည်ရှင်ကျောင်းတိုက်အုပ်ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတာဘိဝံသက စက်ခလုတ်နှိပ်၍ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား အဂ္ဂိဈာပနတေဇောဓာတ်ဖြင့် ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်