Skip to main content

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်အား ရွှေစင်ရွှေပြားသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့်စပ်လျဉ်း၍ စေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၃

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်အား ရွှေစင်ရွှေပြားသင်္ကန်းကပ်လှူပူဇော်ခြင်း၊ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့်စပ်လျဉ်း၍ စေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ သံဃာရာမအဆောင်(၁) ဧည့်ခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဩဝါဒါစရိယဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မင်းကျောင်းဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က သာသနာရေးဆိုင်ရာများနှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ထုံးတမ်းအစဉ်အလာများနှင့်အညီ ပထမဖောင်းရစ်အား ရွှေစင်ရွှေပြားသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းလျှောက်ထားကြသည်။

ယင်းနောက် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက်ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသကစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်အား ရွှေစင်ရွှေပြားကပ်လှူခြင်းနှင့် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းသည် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ဂုဏ်တော်ကိုအာရုံပြု၍ အများပြည်သူရဟန်းရှင်လူများ ဆတက်ထမ်းပိုး ကြည်ညိုဖွယ်ဖြစ်အောင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားစေတီများအား ငါးနှစ်တစ်ကြိမ် ရွှေသင်္ကန်း ပြန်လည်ကပ်လှူဒါန်းပူဇော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဘုရားရှင်၏ ဂုဏ်တော်များကို အမြဲမပြတ်ပွားများအားထုတ်ကြမည်ဆိုပါက မိမိတို့ရည်မှန်းထားသည့်အတိုင်း အောင်မြင်အောင် ဆောင်ရွက်နိုင်ကြမည်ဖြစ်၍ ဗုဒ္ဓါနုဿတိဘာဝနာပွားများ၍ ဆောင်ရွက်ကြစေလိုကြောင်း မိန့်ကြားသည်။

ဆက်လက်၍ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ သီဟိုဠ်ပရိယတ္တိစာသင်တိုက်ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ(ကျောက်မဲ) ဆရာတော်နှင့် လယ်ဝေးမြို့ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒကစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်အား ရွှေစင်ရွှေပြားကပ်လှူခြင်း၊ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းနှင့်စပ်လျဉ်း၍ ဩဝါဒကထာများ မိန့်ကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကျောက်မဲဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကာ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်