Skip to main content

MNDAA ၊ TNLA အဖွဲ့နှင့် PDF အမည်ခံပူးပေါင်းအကြမ်းဖက်သမားများက မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ဂိတ် ကျင်စန်းကျော့အတွင်းရှိ ဆဲဗင်းဟွာကျင့်ကုမ္ပဏီ သွင်းကုန်ကားဝင်းအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်များ မီးလောင်ပျက်စီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၂၃

MNDAA ၊ TNLA အဖွဲ့နှင့် PDF အမည်ခံ ပူးပေါင်းအကြမ်းဖက်သမားများအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်း ကုန်စည်စီးဆင်းမှုများရပ်တန့်စေရန်နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ ရပ်ကွက်များ၊ မြို့၊ ရွာများ၊ ပညာရေးကျောင်းများ၊ သာသနိကအဆောက်အဦများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင်လည်း MNDAA ၊ TNLA အဖွဲ့နှင့် PDF အမည်ခံ ပူးပေါင်းအကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်ထားမှုမရှိသည့် စစ်ရေးပစ်မှတ်မဟုတ်သော မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ဂိတ် ကျင်စန်းကျော့အတွင်းရှိ ဆဲဗင်းဟွာကျင့်ကုမ္ပဏီသွင်းကုန်ကားဝင်းအတွင်းသို့ Drone ယာဉ်များဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ကားဝင်းအတွင်း ရပ်နားထားသည့် မော်တော်ယာဉ်များပေါ်သို့ ဗုံးသီးများကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ယာဉ်တစ်စီးမှတစ်စီး ဆက်လက်လောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ရသည်။

ထိုကဲ့သို့ မီးလောင်ကျွမ်းမှုများဖြစ်ပေါ်ခဲ့သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ မီးသတ်ယာဉ်များအသုံးပြုကာ မီးငြှိမ်းသတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး အနီးဝန်းကျင်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များမှလည်း အလျင်အမြန်သွားရောက်ပူးပေါင်းကာ မီးငြှိမ်းသတ်ခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

MNDAA ၊ TNLA အဖွဲ့နှင့် PDF အမည်ခံ ပူးပေါင်းအကြမ်းဖက်သမားများ၏ ယခုအကြမ်းဖက်လုပ်ရပ်ကြောင့် ကားဝင်းအတွင်းရပ်နားထားသည့် သွင်းကုန်မော်တော်ယာဉ် ၂၅၈ စီးရှိသည့်အနက် အိမ်သုံး ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်နှင့် အိမ်ဆောက်ပစ္စည်းများ တင်ဆောင်ထားသည့် မော်တော်ယာဉ်အစီး ၁၂၀ ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူ လူထုတို့၏ လူမှုစီးပွားဘဝများစွာ ထိခိုက်နစ်နာမှု ဖြစ်ပေါ်ခဲ့ရကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေးကို ပြည်သူလူထုနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်