Skip to main content

လယ်ဝေးမြို့နယ်၌ တတိယနေ့အဖြစ် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၂၃

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လယ်ဝေးမြို့နယ်၌ တတိယနေ့အဖြစ် လယ်ဝေးမြို့နယ် စည်ပင်သာယာရေးကော်မတီ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိနှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြပြီး စမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်ရာ မဲဆန္ဒရှင်ပြည်သူများက မဲပေးစက်၏ ထိန်းချုပ်စက်(Control Unit)ကို ကိုယ်တိုင်ကိုင်တွယ်ကာ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့်မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ်မှန်မမှန်စိစစ်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ကြသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အချိန်တိုအတွင်း ဆန္ဒမဲများကို ပွင့်လင်းမြင်သာမှုရှိစွာဖြင့် မှန်မှန်ကန်ကန်မဲပေးဆောင်ရွက် နိုင်ကာပယ်မဲများမရှိနိုင်တော့သည့်အတွက် စိတ်ကျေနပ်မှုအပြည့်ဖြင့် စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စမ်းသပ်မဲပေးခြင်းအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်များ၊ ဧလာကျေးရွာအုပ်စု၊ စိုင်ခေါင်းရိုးကျေးရွာအုပ်စု၊ အေးချမ်းသာကျေးရွာအုပ်စု၊ ပင်သောင်‌ကျေးရွာအုပ်စု၊ ရေကာကျေးရွာအုပ်စု၊ ပျံချီကျေးရွာအုပ်စု၊ အလယ်ကျွန်းကျေးရွာအုပ်စု၊ ရုံးပင်ကျေးရွာအုပ်စု၊ ပေါက်မြိုင်ကျေးရွာအုပ်စု၊ အင်ပင်ကျေးရွာအုပ်စု၊ ပိတောက်ချောင်ကျေးရွာအုပ်စု၊ ပြည်ဝင်ကျေးရွာအုပ်စု၊ အောင်းကုန်းကျေးရွာအုပ်စုနှင့် သာဝတ္ထိကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင် ပြည်သူများတက်ရောက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်