နေပြည်တော် နိုဝင်ဘာ ၂၃
ရခိုင်ပြည်နယ်တွင် AA လက်နက်ကိုင်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦးနဲ့ စစ်တွေ စသည့် မြို့နယ်(၁၀)မြို့နယ်၌ စာသင်ကျောင်းပေါင်း ၁၂၀၀ ခန့် ပိတ်ထားရကြောင်း မဟုတ်မမှန်သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စာသင်ကျောင်းများပိတ်ထားမှုမရှိဘဲ ကျောင်းများပုံမှန်အတိုင်း ဖွင့်လှစ်လျက်ရှိပါကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
သို့ဖြစ်ပါ၍ ဒေသခံတိုင်းရင်းသားများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပြည်ဖျက်မီဒီယာနှင့် အကြမ်းဖက်မှုအားပေးသည့် မီဒီယာအချို့တို့မှ ပညာရေးနှင့်ပတ်သက်၍ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိသည့် လုပ်ကြံသတင်းများကို ယုံကြည်ခြင်းမရှိကြရန်နှင့် မိမိတို့၏ သားသမီးများ၏ ပညာရေးကို ဆက်လက်အားပေးသွားကြရန် လိုအပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
